71 - 75

279 16 0
                                    

တာအိုဖခင်
အပိုင်း ၇၁

             
          ညနေ နေဝင်ရီတရော အချိန်လောက်မှာတော့ ဆေးပစ္စည်းတွေ တပွေ့တပိုက်နဲ့ မီလိုင် လင်းမန်ရှင်း ကိုပြန်ရောက်လာခဲ့တယ်။
      မီ မိသားစုအနေနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတော်တော်များများကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ဒီရက်တွေမှာ တိတ်တဆိတ် စုဆောင်းဖြစ်နေခဲ့တယ်။ ပြီးတော့လည်း လင်းတျောက်ချင် လိုချင်လောက်မယ့် ပစ္စည်းအမျိုးအစားတွေကို ရင်းနှီးနေပြီဖြစ်တဲ့အတွက် ကြိုတင်စုဆောင်းထားခဲ့တော့ မီလိုင်အတွက် အချိန်သိပ်မယူလိုက်ရဘူး။
        ဆေးပစ္စည်းတွေနဲ့ ပြန်လာတဲ့ မီလိုင့်ကို တွေ့လိုက်ရတဲ့အခါ လင်းတျောက်ချင် ပျော်သွားတယ်။ ချက်ချင်း မဆိုင်းမတွဘဲ ဆေးအိုးကို မီးဖိုပေါ်တင်လိုက်တယ်။
       အရင်ဆုံး ခုနစ်မျိုးစပ် ဆေးရည်ကို ကလေးခုနစ်ယောက်အတွက် ကျိုချက်လိုက်တယ်။ ပြီးတာနဲ့ ပူပူနွေးနွေးပဲ ရေချိုးဇလုံ တွေထဲ လောင်းထည့်ပြီး စိမ်နေ ခိုင်းလိုက်တယ်။
    အပူသည်လေး လင်းစစ်ယွန်း ကလွဲရင် ဘယ်သူမှ အခက်အခဲမရှိကြဘူး။ မီလိုင်၊ လျို့ဖန်ဖန်း နဲ့ တန်ရှီယွန် တို့အတွက်လည်း တစ်ခွက်စီပေးလိုက်တယ်။ ကလေးတွေအတွက် စီစဥ်ပြီးတာနဲ့ သူချက်ချင်းပဲ မူလချီ စုစည်းတဲ့ ဆေးလုံးတွေကို များများစားစား သန့်စင်လိုက်တယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဆေးလုံး တွေရယ် အရိုးသန့်စင် ဆေးလုံးတွေရယ်ကို ဆက်တိုက် ဖော်စပ်သန့်စင်လိုက်တယ်။
        အစောင့်တွေနဲ့ အစေခံတွေကို ဝေပေးလိုက်တယ်။ အဲ့ဒီနောက် အစောင့်တစ်ချို့ ကောင်းယုအတွက် ဝေစုကိုလည်း ယူသွားပေးလိုက်ကြတယ်။
      "ကျန်တဲ့ ဆေးလုံး တွေကို ယူပြီး မင်းအဖေကို ပေးလိုက်ပါ။ သူ့ခန္ဓာကိုယ်ကို ဆွဲဆန့် သန့်စင်နိုင်မှ ပင်လယ်စုစည်းခြင်း အဆင့်၁၁နဲ့ ၁၂ဆီကို တက်လှမ်းလို့ရမှာ။ ဒါတွေက အသင့်တော်ဆုံး အကူအညီပဲ"
    လင်းတျောက်ချင် မီလိုင်ကို ကျန်တဲ့ဆေးလုံးတွေ လက်ကမ်းပေးလိုက်တယ်။
  မီလိုင် ခေါင်းကိုညွှတ်ချလိုက်ပြီး ကျေးဇူး တင်စကားဆိုလိုက်တယ်။
    "တကယ့်ကို ကျေးဇူးတင်ပါတယ် သခင်လေး"
   မီလိုင် နောက်ပြောမယ့်စကားအတွက် မဝံ့မရဲနဲ့ ခေါင်းပြန်မော့လိုက်တယ်။
    "သခင်လေး     ဒီည အတူတူအိပ်ပေးဖို့ ကျွန်မကိုများ လိုမလား"
     မီဒူအို ကတွန်းအားပေးနေတာကြောင့်ရော ကိုယ်တိုင်က လိုလားတာကြောင့်ရော ဆိုတော့ မီလိုင် ပိုပြီးရဲတင်းလာခဲ့တယ်။ ဒီအိမ်တော်ထဲမှာ လျို့ဖန်ဖန်း ဆိုတာလည်း ရှိသေးတယ် မဟုတ်လား။ ဒီတော့ မရဲတင်းလို့ မဖြစ်တော့ပါ။ လူကြီးမင်း လင်းရဲ့ ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်က တကယ့်ကို ဆွဲမက်ဖွယ်ကောင်းသလို အကျိုးအမြတ် ကလည်း ကြီးမားလှတယ်လေ။
     မေးပြီးမှ ရှက်လာတာကြောင့် မီလိုင် ခေါင်းကို ငုံ့ထားလိုက်တယ်။
     "မင်းအိပ်ချင်ရင် လာအိပ်လေ"
   မီလိုင် ရင်တွေ တလှပ်လှပ် တဖိုဖိုဖြစ်သွားတယ်။ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှက်သွေးဖြာတဲ့ အမူအရာနဲ့ လင်းတျောက်ချင် ကိုပြန်မော့ကြည့်လိုက်တယ်။
      ဒါက နောက်ရမယ် မသေချာတဲ့ အခွင့်အရေးမို့လို့ မီလိုင် အဆုံးရှုံးမခံနိုင်ပါ။ ချက်ချင်း အခန်းကို ပြန်ပြီး ရေမိုးချိုး သန့်စင်လိုက်တယ်။ ဆွဲဆောင်မှုရှိမယ့် အမွှေးနံ့သာတွေကို တစ်ကိုယ်လုံး လိမ်းကျံလိုက်တယ်။ ပြီးတာနဲ့ ညအိပ်ဝတ်စုံကို ဝတ်ပြီး လင်းတျောက်ချင် အခန်းကိုသွားလိုက်တယ်။
    အခန်းရှေ့ရောက်ကတည်းက ရင်တွေတုန်ပြီး ကိုယ်ကပါ တုန်ရင်နေခဲ့တယ်။ တစ်လှမ်းချင်း ခုတင်ပေါ်က လင်းတျောက်ချင် လှဲနေတဲ့ ဘေးမှာ ဝင်လှဲလိုက်တယ်။ ရင်ကတော့ တဖိုဖိုပေါ့။
     ဒါပေမဲ့ လင်းတျောက်ချင် ကတော့ သူ(မ)ဝင်လာတာကို သိပုံတောင်မရလောက်အောင် တည်ငြိမ်နေခဲ့တယ်။ အသက်ရှူသံလည်း လုံးဝပြောင်းမလာခဲ့ဘူး။ ဒီအခြေအနေကို လင်းတျောက်ချင် နားမလည်နိုင်သေးတာကိုတော့ သူ(မ) မသိသေးပါ။
      လျို့ဖန်ဖန်း လို ဆောင်ကြာမြိုင် က မိန်းကလေးတစ်ယောက်ကတောင် ယောကျာ်းမိန်းမကြား ဖြစ်စဥ်ကို ပြီးမြောက်အောင် မလုပ်နိုင်ဘူးလေ။ မီလိုင်လို လူချမ်းသာ သခင်မလေးတစ်ယောက်က ဒါကိုသိနေရင်တောင်  အစပျိုးဖို့ မဖြစ်နိုင်သလောက်ဘဲ။
      မီလိုင် ရှက်စိတ်ကို မျိုချလိုက်ပြီး ခြေထောက်တွေကို ဆန့်ထုတ်လိုက်တယ်။ ပြီးတာနဲ့ လင်းတျောက်ချင် ရဲ့ခြေထောက်တွေကို သွားထိလိုက်တယ်။ သူ ဒီအခွင့်အရေး ကို ကျိန်းသေ ယူမှာပဲလို့ တွက်လိုက်တယ်။ ဒါပေမဲ့ မျှော်လင့်သလို အမြတ်မထုတ်တဲ့အပြင် မျက်လုံးတောင် မဖွင့်ဘဲ စကားတစ်ခွန်း ထွက်လာခဲ့တယ်။
     "အိပ်နေတုန်း ပရမ်းပတာ မလှုပ်နဲ့စမ်း"
   မီလိုင် ခဏကြောင်သွားခဲ့တယ်။
   "သခင်လေး ရှင်ကျွန်မကို တကယ်ပဲ မကြိုက်ဘူးလား"
    "မကြိုက်ဘဲ နေပါ့မလား။ မင်းက ငါ့ကို ဒီလောက် အကူအညီတွေ ပေးထားခဲ့တာကို "
     "ဒါဆို ဘာလို့လဲ ဘာလို့ ဘာမှ ဖြစ်မလာရတာလဲ" မီလိုင် မျက်လုံးကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။
     "ငါမင်းကို လိုအပ်တယ်လေ။ အခု မင်းငါ့အိမ်မှာ ရှိနေရပြီ မဟုတ်ဘူးလား"
    "ကျွန်မဆိုလိုချင်တာ အဲ့တာ မဟုတ်ဘူး။ ကျွန်မကို ကလေးတွေအကုန်လုံးက အမေလို့ ခေါ်စေချင်တာ။ ရှင်ဒါကို မသိဘူးလား"
     "သြော်...... သူတို့အမေအတွက်က ရည်စူးထားတာရှိပြီးသား ဖြစ်နေတယ်"
    မီလိုင် ရင်ထဲမှာ ဆစ်ခနဲ ဖြစ်သွားတဲ့  နာကျင်မှုကို ခံစားလိုက်ရတယ်။ လျို့ဖန်ဖန်း တော့ ဒီနေရာကို သိမ်းပိုက်သွားပြီ ထင်တယ်။
    "ဒါဆို ကလေးတွေ ကျွန်မကို အဒေါ်လို့ ခေါ်စေချင်ရင်ရော ရမလား"
    ဇနီးသည်မဖြစ်ရင်တောင် ကိုယ်လုပ်တော်ဖြစ်ရလည်း ကျေနပ်ပါတယ်လေ။
    "သူတို့ ဆန္ဒရှိနေသရွေ့ ပေါ့....."
   မီလိုင် သက်ပြင်းရှည်ကြီးချလိုက်တယ်။ ကြည့်ရတာ ဒီကလေးတွေနဲ့ ရင်းနှီးပြီး သူတို့စိတ်ကျေနပ်အောင် လုပ်မှ ရတော့မယ်နဲ့ တူတယ်။ ဘာပဲဖြစ်ဖြစ် ဒါကလည်း လက်ခံလိုက်တဲ့ သဘောပဲ မဟုတ်လား။
     လိုချင်တာရပြီမို့လို့ မီလိုင် တခြားဘာမှ မတွေးတော့ဘဲ လင်းတျောက်ချင် ရဲ့လက်မောင်းကို ဖက်ပြီးအိပ်လိုက်တယ်။ လင်းအိမ်တော် တစ်ခုလုံး ငြိမ်သက်စွာနဲ့ အိပ်မောကျကုန်ကြတယ်။
     အဲ့အချိန်မှာပဲ ဖီးနစ်မြို့ရဲ့ အခြားနေရာတစ်ခုမှာတော့ အိပ်မပျော်နိုင်သေးတဲ့ သူတစ်ချို့ရှိနေခဲ့တယ်။
     "သခင် ကျန် သခင်ကြီးက ကျွန်တော်တို့ စိတ်ရှိသလောက် တိုက်ခိုက်ဖို့ မှာလိုက်ပါတယ်"
    ကျီချင်းရွမ် ကျန်ဘဒို ကို အစီရင်ခံလိုက်တယ်။ ကျန်ဘဒို မျက်လုံးတွေကို မှေးလိုက်တယ်။ ပြန်ပွင့် လာခဲ့တဲ့အခါ သတ်ဖြတ်ချင်နေတဲ့ ဒေါသမီးတွေ အတိုင်းသားပေါ်နေခဲ့တယ်။
     "ဒါပေမဲ့ လင်းမန်ရှင်း က နည်းနည်းထူးဆန်းတယ်။ ကျွမ်းကျင်သူ ဘယ်လောက်တောင် အိမ်ထဲမှာ ရှိနေပြီလဲ ခန့်မှန်းရခက်တယ်။ အရင်တစ်ခေါက်ကလည်း သွေးဝတ်ရုံဂိုဏ်း က ကျွမ်းကျင်သူတွေ အိမ်ထဲဝင်သွားပြီး ဘာဖြစ်ခဲ့ကြလဲ မင်းလည်းအသိပဲလေ။ သူတို့လက်ခံထားတဲ့ အလုပ်ကိုတောင် ပြန်ရုတ်သိမ်းလိုက်သေးတယ်။ အဲ့တော့ ကောင်းကောင်း လက်စားချေနိုင်ဖို့ဆို အခွင့်ကောင်းကို စောင့်ရုံအပြင် မတတ်နိုင်ဘူး"
      "သခင် ကျန် ဒီဖီးနစ်မြို့မှာ ကျွမ်းကျင်ပညာရှင်တွေ ဒီလောက်ပေါတာ။ ဒီကောင့်ကို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူးဆိုတာ ကျွန်တော် မယုံဘူး"
      "တကယ့်ပြဿနာက ဒီကောင်က နည်းနည်း ထူးဆန်းနေတာပဲ။ သူ့ကိုသတ်ဖို့ ထောင်ချောက်မဆင်ခင် သူ့စိတ်ကို အရင်ပြိုလဲအောင် လုပ်လိုက်ရင်ရော။ သူ့သားသမီးတွေ ကို သူအရမ်းတန်ဖိုးထားတယ် မဟုတ်လား။ အဲ့တော့ လင်းမိသားစု ကိုစောင့်ကြည့်ဖို့ လူတစ်ယောက်ကို လွှတ်ထားလိုက်။ အဲ့ကောင် အနားမှာ မရှိဘူးဆိုတာနဲ့ သူ့ကြွက်ကလေးတွေကို တစ်ခါတည်း ရှင်းပစ်လိုက်။ ဒီလင်းမျိုးရိုး အတွက်ကတော့ လူအိုကြီး ဝူ အဆင့်တက်တာ အောင်မြင်ပြီးမှပဲ ဆက်ပြောကြတာပေါ့"
    ကျန်ဘဒို ဘေးမှာရပ်နေတဲ့ အိမ်စေကြီးက ခေါင်းညိမ့်လိုက်တယ်။
   "ဒါဆို ကျွန်တော် စီစဥ်စရာရှိတာတွေ စီစဥ်ပြီး လင်းအိမ်တော် ကိုစောင့်ကြည့်ဖို့ လူတွေလွှတ်ထားလိုက်ပါ့မယ်"
     "ကောင်းပြီ အခုပဲသွားလုပ်လိုက်။ ငါ လူအိုကြီး ဝူ ဘယ်လိုနေလဲ သွားကြည့်လိုက်ဦးမယ်"
      ကျန်အိမ်တော်က သီးသန့်တည်ထားတဲ့ အိမ်လယ်ကွက်လပ်ကြီးဆီကို ကျန်ဘဒို လျှောက်လာလိုက်တယ်။ တံခါးကို ညင်သာစွာဖွင့်လိုက်တဲ့အခါ ခံစားချက်မဲ့နေတဲ့ ပုံစံနဲ့ ထိုင်နေတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
    "အဘိုး ဝူ   ခင်ဗျား ကြယ်ရောင်ဘုံ  အဆင့်ကိုတက်နိုင်ဖို့ ကျွန်တော့ အကူအညီကို လိုသေးလား"
    တအောင့်ကြာတဲ့အခါ လူအိုကြီး မျက်လုံး ဖွင့်လာခဲ့တယ်။
    "မလိုဘူး။ ငါ ဒီတစ်လအတွင်းမှာပဲ ကြယ်ရောင်ဘုံ အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်"
      "ဒါဆို အကောင်းဆုံးပဲပေါ့။ ကြည့်ရတာ အဘိုးဝူတော့ တျန်းယွမ် ကုန်းမြေမှာ အသန်မာဆုံးဖြစ်ဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်"
     "ငါက အခုမှ ကြယ်ရောင်ဘုံ အဆင့်ကို ဝင်တယ်ဆိုရုံလေး ရှိဦးမှာကို ဘယ်လိုလုပ် အသန်မာဆုံး ဖြစ်နိုင်ဦးမှာလဲ။ ငါအလိုချင်ဆုံးက ကောင်းကင်မှာ ပျံသန်းနေနိုင်ဖို့ပဲ"
      "ကောင်းကင် နယ်ပယ်ဆိုတာ လူတွေအများကြီး အတွက် သူတို့ တစ်သက်တာလုံးမှာ မမျှော်မှန်းနိုင်တဲ့နေရာပဲလေ"
    "မင်းငါ့ကို ပြောစရာရှိလို့ ဒီကို လာခဲ့တာမလား"
    ကျန်ဘဒို ရယ်မောလိုက်တယ်။
  "ကျွန်တော် ဘယ်တုန်းကမှ အဘိုးဝူကို မဖုံးကွယ်ထားနိုင်ဘူးပဲ။ ဟုတ်တယ်။ ကျွန်တော့မှာ ရန်သူတစ်ယောက်ရှိတယ်။ သူ့မှာ အင်အားကြီးတဲ့ အကာအကွယ်တစ်ခုခု ရှိနေတော့ သူ့ကို ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။ အဲ့တာ နောက် ကျရင် အဘိုးက ကျွန်တော်ကို ကူညီပေးရမယ်နော်"
      "ကိစ္စမရှိပါဘူး။ ငါ့အပေါ်မှာ မင်းတို့ မိသားစုရဲ့ ကျေးဇူး တွေ အများကြီး ရှိတာပဲဟာ။ မင်းကို ကူညီရမှာ ငါ့အလုပ်ပဲလေ"
     "ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ပါဘူးနော်။ မြန်မြန် ကြယ်ရောင်ဘုံ အဆင့်ကို တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
   ကျန်ဘဒို ကျေနပ်မှုနဲ့အတူ ပြန်ထွက်လာခဲ့လိုက်တယ်။ လင်းအိမ်တော်ရှိတဲ့ ဘက်ကို လှမ်းကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။

တာအိုဖခင် ( လင်းတျောက်ချင် ) အတွဲ ၁Место, где живут истории. Откройте их для себя