"ညီလာခံသိမ်းမယ်။"
အနောက်မှ မှူးကြီးမတ်ရာတို့၏တီးတိုးစကားသံများကို လျစ်လျူရှု၍ ညီလာခံခန်းမအား ထယ်ရယ် ကျောခိုင်းလိုက်သည်။
"ချိုးတော်ရေ အသင့်ပြင်ထားပြီးပါပြီ အရှင်။"
စကားပြန်ပြောချင်စိတ်မရှိလောက်အောင် ပင်ပန်းနေသဖြင့် အထိန်းတော်ချုပ်၏စကားကို ခေါင်းငြိမ့်၍သာ တုံ့ပြန်လိုက်ပြီး အဆောင်တော်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့လိုက်သည်။
ရေခပ်နွေးနွေးက တစ်ကိုယ်လုံးရှိ တောင့်တင်းနေသည့် အကြောအချင်များကို ပြေလျော့စေကာ နွမ်းလျလျစိတ်ကိုလည်း အနည်းငယ် ကြည်လင်လာစေ၏။ မျက်ဝန်းများကိုမှိတ်ချလိုက်မိတော့ မြင်ယောင်လာမိသည်က ရာဇမာန်အပြည့်နှင့် တည်တင်းလှသော မျက်နှာ။
တစ်လကျော်ခဲ့ပြီ။ မင်္ဂလာဦးညပြီးကတည်းက မမြင်ခဲ့ရသည့် မျက်နှာအား အတွေးထဲမှမထုတ်နိုင်သည့် မိမိကိုယ်ကိုလည်း ထယ်ရယ် စိတ်ပျက်မိသည်။
နူးနူးညံ့ညံ့ထွေးပွေ့မှုများအကြား အိပ်မောကျသွားပြီးနောက် နိုးထလာရသည့်မနက်ခင်း၌ နွေးထွေးသည့်ရင်ခွင်ကျယ်တစ်ခုအစား အေးစက်စက်အိပ်ယာတစ်ခြမ်းနှင့် အမိန့်စာတစ်စောင်ကသာ စောင့်ကြိုနေလိမ့်မည်ဟု မည်သူထင်မည်နည်း။ ဝတ္တရားအရ၊ ဓလေ့ထုံးတမ်းအရ လုပ်ဆောင်ပေးခဲ့သည့် အပြုအမူ၊ အပြောအဆိုများကို ထယ်ရယ် အဓိပ္ပါယ်ကောက်လွဲသွားပုံပင်။
မင်္ဂလာပွဲအပြီးနောက်တစ်ရက် မိုးမလင်းမီအချိန်မှာပင် ဧကရီဖြစ်သူအား နဂါးတံဆိပ်တော်နှင့်အတူ အုပ်ချုပ်ရေးအာဏာအလုံးစုံကို ယာယီလွှဲပြောင်းအပ်နှင်းကြောင်း အမိန့်ပြန်တမ်းတစ်စောင်ထုတ်ပြန်၍ ချက်ချင်း စစ်ထွက်သွားသူအား ထယ်ရယ် နားမလည်နိုင်သလို နားလည်ချင်စိတ်လည်း မရှိတော့။ ကိုယ်က တစ်ဖက်လူအတွက် နှုတ်ဆက်စကားဆိုရလောက်အောင်ပင် အရေးပါမနေခဲ့ဘူး မဟုတ်လား။
ဂျိုဆွန်း၌နေစဥ်က ခမည်းတော်နှင့်အစ်ကိုတော်အား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် မကြာခဏ ဝင်ရောက်ကူညီပေးလေ့ရှိ၍ အစီရင်ခံစာများဖတ်ရှုကာ တံဆိပ်တော်ခတ်နှိပ်ဆုံးဖြတ်ပေးရသည့် လုပ်ငန်းစဥ်များက ထယ်ရယ့်အတွက် စိမ်းသက်မနေသော်လည်း တာဝန်ကြီးလေးလွန်း၍ စိတ်ပင်ပန်းလှ၏။ သို့သော် စစ်ထွက်သွားသည့် ဧကရာဇ်ငယ်၏အာဏာစက် ပြင်းလွန်းသောကြောင့်ထင်၊ သမိုင်း၌ တစ်ခါမှမရှိခဲ့ဖူးသည့် ဧကရီတစ်ပါး တက်ရောက်အဆုံးအဖြတ်ပေးသည့် ညီလာခံအား ကလန်ကဆန်လုပ်၍ ကန့်ကွက်သူမရှိခြင်းက အံ့အားသင့်စရာ။ ဤအချက်ကြောင့်လည်း အလုပ်များသဖြင့် စိတ်ပင်ပန်း၊ လူပင်ပန်းသည်ကလွဲ၍ အခြားစိတ်ဖိစီးမှု ကြီးကြီးမားမားမရှိခဲ့ခြင်း။
YOU ARE READING
Spring Blossoms under Moonlight
FanfictionShen Quanrui ♡ Kim TaeRae [ Short Story ]