New hope begins
တဖွဲဖွဲကျဆင်းနေတဲ့ မိုးစက်တွေက လမ်းမထက်တွင် ပြန့်ကြဲလို့။ ဟိုတစ်နေရာ ဒီတစ်နေရာက ကားဟွန်းတီးသံတွေကတော့ ရံဖန်ရံခါ ထွက်ပေါ်လို့နေသည်။ ကားမှန်ပြတင်းကနေ ထိုနေရာလေးကို ငေးကြည့်နေမိတာ ဘယ်လောက်ကြာပြီမသိ။ မင်းလွင် သိသလောက်ကတော့ ဒီလမ်းကိုရောက်လာတိုင်း အညိုရောင်အမိုးလေးနဲ့ ဒီကော်ဖီဆိုင်လေးကို သတိထားမိသည်မှာ ရက်သတ္တပတ်အနည်းငယ်မျှတော့ ရှိပြီ။
ကော်ဖီဆိုင်လေးဆီက အဖြူရောင်အရိပ်လေးကတော့ ဖြတ်သွားဖြတ်လာ ဧည့်သည်တချို့နှင့် အလုပ်ရှုပ်လို့နေသည်မှာ ပတ်ဝန်းကျင်ကို သိပ်သတိထားမိဟန်မတူ။ ဆံပင်အုပ်အုပ်လုံးလုံးလေးနှင့် အဖြူရောင် Hoodie လေးဝတ်ထားတဲ့ ထိုပုံရိပ်လေးသည် လမ်းမထက်က စိတ်ညစ်ညူးဖွယ်ကောင်းလှတဲ့ ကားတန်းလျားရှည်ကြီးကိုပင် မေ့လျော့စေသည်။ ဧည့်သည်တွေဆီ ကမ်းပေးလိုက်တဲ့ ကော်ဖီဘူးနှင့်အတူ ရံဖန်ရံခါဆိုသလို ပြုံးလိုက်တဲ့ အပြုံးလှလှလေးအောက်မှာ မင်းလွင်ရဲ့စိတ်အစဉ်ကလည်း တစ်ချက်တစ်ချက် ငြိတွယ်သွားတတ်သေးသည်။
ရုတ်တရက်ဆိုသလိုပင် ကားမှန်ပြတင်းကို ရိုက်ခတ်လာတဲ့ ခပ်ကြမ်းကြမ်းမိုးစက်မိုးပေါက်တွေကြားမှ ကောင်လေးရဲ့ ပုံရိပ်က ဝေ၀ါးပျောက်ကွယ်သွားလေသည်။ ပတ်ဝန်းကျင်အခြေအနေကလည်း မင်းလွင်ကို ကြာကြာငေးခွင့်ပေးဟန်မတူ။ တန်းစီမြည်လာတဲ့ ဟွန်းသံတွေကြောင့် ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်ပြီး ကားကိုရှေ့တိုးဖို့ ကြံလိုက်စဉ် တစ်ဖက်ယာဉ်ကြောမှ ကားကလည်း လျှပ်တပြတ်ဝင်ချလာရာ ဆွဲကွေ့ချလိုက်တဲ့ စတီယာရင်နှင့်အတူ ဝုန်းခနဲမြည်သံ ကြားသည့်အခါမှ ကားကရပ်တန့်သွားတော့သည်။
ဘာဖြစ်သွားပါလိမ့်...
မိုးကလည်း တရားလွန်သည်းနေတာမို့ ပတ်ဝန်းကျင်ကို မမြင်ရတာနှင့် မင်းလွင် ကားပေါ်ကနေ ခပ်သွက်သွက် ဆင်းကြည့်ချိန် တွေ့လိုက်ရသည်က မိုးရေထဲမှာ လဲကျနေတဲ့ Banner Board တစ်ခုနှင့်အတူ မိုးရွာထဲ ပြေးထွက်လာတဲ့ အဖြူရောင်ပုံရိပ်လေး။
"ရတယ်။ ရတယ်။ ဘာမှမဖြစ်ဘူး။"
ထိုကော်ဖီဆိုင်က ကောင်လေးသည် ဘာမှမဖြစ်ဘူးဆိုတာကို တွင်တွင်ပြောလျက် ပြုတ်ကျသွားတဲ့ Banner ကို ပြန်ထောင်ဖို့ ကြိုးစားရင်း မင်းလွင်ကို မော့မကြည့်နိုင်အား။ ကူညီပေးဖို့ ကြံမိသည့်တိုင် လက်ပတ်နာရီပေါ်မှ ညွန်ပြနေတဲ့ နာရီကိန်းဂဏန်းတွေက မင်းလွင်ကို ခွင့်မပြုတော့သည်မို့ ကားပေါ်ကိုသာ ခပ်လောလောနှင့် ပြန်တက်လိုက်ရသည်။နောက်ကြည့်မှန်ကနေ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ Banner ကို လက်တစ်ဖက်ကြားထဲ ပိုက်ကာဖြင့် ဆိုင်ရဲ့ အမိုးအောက်ထဲ အပြေးအလွှားပြန်ဝင်သွားတဲ့ ကောင်လေးရဲ့ ပုံရိပ်လေးက မိုးရိပ်လေရိပ်ကြားထဲမှာ ကျန်ရစ်ခဲ့လေပြီ။
