လေပြည်နုတို့သည် ခပ်သွက်သွက်တိုက်ခတ်၏။ ကောင်းကင်၌လည်း တိမ်ပြာနုနုများက ဟိုတစ်စ သည်တစ်စ။ ကျီစားသန်လေသော လေပြည်တို့၏ ပယောဂကြောင့် ဟီဆွန်း၏ ဆံနွယ်ညိုညိုတွေဟာ ပွယောင်းလျက်။
နန်ဆိုးဟွာနွယ်တို့ ရစ်ပတ်နေသော တံခါးနီညိုရောင်ရှေ့ ဟီဆွန်းတွေဝေနေမိတာ ဆယ်မိနစ်ခန့်။
ဝင်သွားရမှာ သေချာနေသော်လည်း သူ့အတွက် အချိန်လိုတာတော့ အမှန်ပင်။ နံရံပေါ်က ဘဲလ်ကိုနှိပ်လိုက်ဖို့ အတော်စဉ်းစားနေရတာဟာ ဘာကြောင့်များပါလိမ့်။
ထိုနီညိုရောင်တံခါးမှဝင်ရောက်လျှင် ဝါနုရောင်သမ်းသော နွေးထွေးသောအိမ်အတွင်းသို့ ရောက်မည်။ ထိုမှ မင့်ထ်ရောင်ချယ်သော အခန်းကို ဝင်၍ သူ့ချစ်တပည့်ကို စာရှင်းပြရမည်။
တစ်ချိန်တခါက အထစ်အငေါ့မရှိ ကျင်လည်ခဲ့သော နေ့စဉ်ဘဝအား ယခုဟီဆွန်းသည် တွေတွေငေးငေးဖြင့်။
သေချာပေါက် ထိုတပည့်ကသာ ဟီဆွန်းကို ဤသို့ဖြစ်အောင်စွမ်းနိုင်ပေ၏။ လတ်ဆတ်သော အပြုံးနှင့် တောက်ပလှသော မျက်ဝန်း ရွှန်းလဲ့လဲ့။
ဟီဆွန်း၏ ကျောက်မီးသွေးသုံးမီးရထားထက်ပင် ဆူညံလေသော နှလုံးခုန်သံများ။
ထို့မျှ မသင့်လျော်မှုများ။
ကိုယ့်တပည့်ကို ပြန်ရင်ခုန်သောဆရာတဲ့။
ဟီဆွန်း ရှက်လွန်း၍ မြေကြွက်များ၏အိမ်ကိုပင် ထာဝရသွားနေလိုက်ချင်သည်။
လျစ်လျူရှုခဲ့သော ခံစားချက်များကို ဂရုပြုမိတာ မကြာသေးခင်ကမှ။
အနားကပ်သွားတိုင်းရတတ်တိုင်း ရတတ်သော ပူရှိန်းနံ့သင်းသင်း။ ဆုတောင်းကောင်းခဲ့လေသော နှာတံစင်းစင်းနှင့် ဒန်းလွှဲစီးနေဖို့ကောင်းသော မျက်တောင်ရှည်ကော့ကော့တွေ။ နဂါးငွေ့တန်းထက်တောက်ပနေတတ်သော ကြယ်တံခွန်တို့ ကိန်းဝပ်ပါသည့် အညိုရောင်ရေကန်ငြိမ်ငြိမ်။
ဟီဆွန်းနှလုံးသားကို ပျော်မြူးနေသော မြင်းတစ်ကောင်ထက် ကဆုန်ပေါက်စေ၏။
ဖုံးဖိထားသော ခံစားချက်များပေတည့် စိတ်ကူးအိမ်မက်များကတော့ အလိုက်သိပုံမပေါ်။