Part 4 - Closer

114 15 12
                                    

ဆေးပေးခန်းရောက်တော့ တာဝန်ကျ ဆရာမလည်းမတွေ့ရ။ Jo ကို K က ခုတင်ပေါ်သို့ အသာအယာချပေးသည်။ ပြီးနောက် ဗီရိုထဲမှ ဆေးသေတ္တာကို ထုတ်ပြီး ပိုးသတ်ပြီးသားဝါဂွမ်းတစ်စကို ညှပ်ဖြင့်ယူကာ Betadine ဆေးသုတ်လိုက်သည်။

' ကျွန်တော့ဘာသာ ဆေးထည့်လိုက်ပါ့မယ် Senpai '

' ငြိမ်ငြိမ်နေ Jo '

အားနာတတ်သော Jo က ကိုယ်တိုင် ပိုးသတ်ဆေးထည့်ရန် ကြံသော်လည်း K က Jo ၏ ခြေထောက်ကို ဆွဲယူကာ သူပေါင်ပေါ်တင်လိုက်သည်။

' နည်းနည်းတော့ စပ်မယ်နော် ထမင်းဆုပ်လေး'

ပြောပြီးမကြာ ပွန်းပဲ့ရာပေါ်ကျလာသည့် အေးစက်စက်အထိအတွေ့နှင့်အတူ ဖျဉ်းကနဲ စပ်လာသည့် ခံစားချက်။ သူ့အကျင့်အတိုင်း Jo က အံကြိတ်ကာ မျက်လုံးကိုမှိတ်ပြီး အားကစားဝတ်စုံအတွင်း ကိုယ်ကို ကျုံ့လိုက်သည်မှာ ထိကရုန်းပင်လေးအလား။

ထိုအမူအယာကို မြင်သည့် K က ပတ်တီးစည်းပေးရင်းမှ ပြုံးမိသည်။ ထိုကလေးကို မြင်တိုင်း ပြုံးချင်လာသည့် သူ့စိတ်ကလည်း ထူးဆန်းသည်။ သူ့လောက်နီးနီး အရပ်ရှည်လှသည့် ကောင်လေးက မျက်နှာလေးကတော့ နုနုနယ်နယ် ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလှသည်။ Euijoo နှင့် Nicholas တို့ ထိုကလေးကို ဂရုတစိုက်ရှိကြသည်မှာလည်း ဆန်းတော့ မဆန်း‌ပေ။ သူပင် ယခု လိုလိုချင်ချင် ဂရုစိုက်ပေးချင်နေသည် မဟုတ်ပါလား။ ရိုးရိုးသားသားလား ၊ မရိုးမသားလားတော့ သူကိုယ်တိုင်လည်း မသိသေး။

လက်ကို ဆေးထည့်တော့ မျက်လုံးဝိုင်းကာ သူ့ကို မော့ကြည့်ပြန်သည်။ ပြတင်းပေါက်မှ ဝင်လာသည့် ညနေခင်း နေရောင်အောက်တွင် Jo ၏ မျက်ဆံနက်နက်လေးများက သူအရမ်းနှစ်သက်သည့် အညိုရောင်ကော်ဖီစေ့လေးများလို မြတ်နိုးဖွယ်ရာအတိ။ အနီးကပ် ကြည့်မိတော့မှပင် ယခင်က သေချာမမြင်ရသည့် မှည့်လေးများကိုပါ ‌တွေ့လာရသည်။ နှာခေါင်းလုံးလုံးလေးပေါ်တွင်တစ်ခု၊ နှုတ်ခမ်းပြည့်ပြည့်လေးအောက်တွင် တစ်ခု။ Asakura Jo သည် ရုပ်ရည်နှင့်ပတ်သက်ပြီး အတော်ပင် ဆုတောင်းကောင်းသည့် ကောင်လေးပင်။

Bloom Where stories live. Discover now