ကိုယ့်ကြောင့် တစ်စုံတစ်ယောက်က သေမတတ်နာကျင်သွားခဲ့ရရင် ဘာဆက်လုပ်ရမလဲ။ နောင်တရရမှာလား... တောင်းပန်ရမှာလား... ခွင့်လွှတ်မှုကိုတောင်းခံရမှာလား။ ရှောင်းကျန့်ကတော့
တင်းတင်းစေ့ပိတ်ထားတဲ့တံခါးရှေ့မှာ ခြေစုံရပ်နေရုံပဲတတ်နိုင်ခဲ့တယ်။သူဒီလိုရပ်နေတာက မိနစ်တွေကိုကျော်လွန်ပြီး နာရီနဲ့တောင်ချီနေခဲ့ပြီဖြစ်ပေမဲ့ အညိုရောင်ကျွန်းတံခါးလေးကတော့ အခုထိပွင့်မလာသေးပါဘူး။
ဝန်ခံရရင် အခု ရှောင်းကျန့်ခြေထောက်တွေတောင် ထုံကျင်ပြီးတောင့်ခဲနေပြီ။ ဒါပေမဲ့ နောက်ဆုတ်ပြီးပြန်လှည့်လိုက်ဖို့အတွေးကတော့ ရှောင်းကျန့်ဆီမှာ နည်းနည်းလေးတောင်ရှိမနေဘူး။ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်နေရတာလဲလို့မေးရင် ရှောင်းကျန့်မှာဖြေစရာမရှိဘူး။ ဒီတံခါးပွင့်လာပြီး ဝမ်ရိပေါ်ထွက်လာဖို့၊ ဝမ်ရိပေါ်ရဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် မြင်သွားချင်လို့... အဲ့လိုသာဆို ရှောင်းကျန့်က သိပ်အတ္တကြီးရာကျသွားမှာပဲ။
ဝမ်ရိပေါ်ဆိုတာ သူ့ကြောင့်နဲ့ မသေရုံတမယ်ဒဏ်ရာရခဲ့တဲ့လူလေ။ ဒါပေမဲ့ သူဝန်ခံတယ်။ အခု သူဝမ်ရိပေါ်ကို သေလောက်အောင် တွေ့ချင်နေတယ်။ဝမ်ရိပေါ်ဖက်က ဒီတံခါးကိုလုံးဝဖွင့်မပေးလာခဲ့ရင်ရော... ။ ဒါပေါ့.. ဒါက မဖြစ်နိုင်တာမဟုတ်ဘူးလေ။ အဲ့ဒီလိုဖြစ်လာခဲ့ရင်တောင် ရှောင်းကျန့်က နောက်ဆုံးစက္ကန့်အထိ ရပ်နေဖို့ဆန္ဒရှိတယ်။ အဲ့ဒီနေ့က နောက်ဆုံးတစ်မိနစ်၊နောက်ဆုံးတစ်စက္ကန့်အထိ ဝမ်ရိပေါ် သူ့ကိုရပ်စောင့်နေခဲ့သလိုမျိုး..။
<<<<
အဲ့ဒီနေ့က ဝမ်ရိပေါ်ရဲ့ပုံရိပ်က သူ့မှတ်ဥာဏ်တွေထဲမှာ အခုထိ ရှင်းရှင်းလင်းလင်းကြီးရှိနေပါသေးတယ်။ ဘာကြောင့်ဆို သူကိုယ်တိုင်မြင်တွေ့ခဲ့ရတာမို့ပဲ။ တစ်စီးပြီးတစ်စီး ထွက်ခွာသွားတဲ့ရထားတန်းတွေကို ငေးကြည့်ရင်း သူ့အလာကိုစောင့်နေတဲ့ အဲ့ဒီကောင်လေးရဲ့မျက်ဝန်းတွေကို သူတစ်ချိန်လုံးရပ်ကြည့်နေခဲ့တာမို့။
ဝန်ခံရရင် ရှောင်းကျန့်က သတ္တိနည်းတဲ့လူပါ။
တစ်စုံတစ်ယောက်ကို ဖမ်းဆုပ်ထားဖို့သတ္တိမရှိသလို လက်လွှတ်လိုက်ဖို့လည်း သတ္တိမရှိခဲ့ဘူး။
ဟုတ်တယ်... သူ ဝမ်ရိပေါ်ကို လက်မလွှတ်နိုင်ခဲ့ဘူး။
YOU ARE READING
Just Because It Was Raining (Completed)
FanfictionJust because it was raining I started thinking about you.