Chapter 37

424 62 0
                                    

အခန်း - ၃၇ ( အပြင်လူများ )


ယခု ရောက်လာသူများမှာ တစ်ယောက်မကဘဲ သေနတ်များ၊ လက်နက်ခဲယမ်းများလည်း ပါလာ၏။ ထိုလက်နက်များ၏ အမျိုးအမည်ကို ဝေ့ရွှမ်း မသိသော်လည်း အနည်းဆုံးတော့ ထိုသူများအား မြို့အတွင်းပိုင်း ဤနေရာအထိ ရောက်လာအောင် စွမ်းဆောင်ပေးနိုင်သည်ဖြစ်ရာ ၎င်းလက်နက်များက အတော်လေး စွမ်းအားကြီးမားပုံပင်။

ဝေ့ရွှမ်း လေ့လာဆန်းစစ်နေစဥ်မှာပင် နောက်ဆုံး ထိုသူများသည် သူမြင်နိုင်သော နေရာဖြစ်သည့် အထပ်မြင့် အဆောက်အဦး အတန်း နှစ်တန်း၏နောက်ရှိ အိမ်ယာဝင်းဟောင်း တစ်ခုအတွင်းသို့ ရောက်လာကြ၏၊ ထိုအိမ်ယာဝင်းမှာ ပြန်လည်တည်ဆောက်ရန် အစီအစဥ်ချထားပုံပေါ်သော်လည်း လတ်စမသတ်ရသေးဖြင့် ထိုအဆောက်အဦးများ၏ ခေါင်မိုးထပ်များမှာ ပတ်ဝန်းကျင်ရှိ အခြား အဆောက်အဦးများနှင့် ယှဥ်လျှင် အတော်လေး နိမ့်နေ၏။

ထိုသူများသည် အမည်မသိ အကြောင်းအရင်းအချို့ကြောင့် ထွက်မပြေးနိုင် ဖြစ်နေသည်။ ထိုသူများသည် လမ်း၌ ကားပျက်သွားခြင်းလည်း ဖြစ်နိုင်သလို သွားလာရေးလွယ်ကူစေရန် သူတို့၏ ကားအား တမင်တကာ ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ယခုအချိန်တွင် သူတို့သည် ဇွန်ဘီများ ရှောင်ရှားရန် အိမ်ခေါင်မိုးများပေါ်သို့ တက်၍ အခြားလမ်းတစ်ဖက်သို့ ကူးရမည် ဖြစ်သည်။

ထိုစဥ် မိုးချုပ်သံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာ၍ ဝေ့ရွှမ်း မျက်မှောင်ကြုံ့လိုက်၏။ ထိုဖြတ်သွားဖြတ်လာများထဲမှ သဘာဝလွန်စွမ်းအားရှင်အများအပြားက ၎င်းတို့၏ စွမ်အားများကို စတင် ထုတ်သုံးလိုက်ပြီး ပတ်ဝန်းကျင်ရှိ မြေဆီလွှာများစွာ ရွေ့လျားစေသောကြောင့်ဖြစ်သည်။ ထို့နောက် သူတို့သည် ဇွန်ဘီများက ခေါင်မိုးများပေါ်သို့ ခုန်တက်၍ သူတို့၏ နောက်မှ လိုက်လာခြင်းကို ကာကွယ်ရန်အတွက် မြေသားနံရံများ ဖန်တီးလိုက်သည်။

ထိုလူများ နှစ်ထပ် အဆောက်အဦး ခေါင်မိုးပေါ်သို့ ခုန်တက်သွားသောအခါ ဇွန်ဘီများသည် ရွေးခြယ်စရာမရှိတော့ဘဲ ထိုအနား၌ ဝိုင်းအုံကာ ဦးခေါင်းများကို စိတ်အားထက်သန်စွာဖြင့် မော့ထား၍ လက်များကိုလည်း ခေါင်မိုးရှိရာသို့ ဆန့်တန်းကာ လတ်ဆတ်သော အသားများနှင့် သွေးများအပေါ်ထားရှိသည့် ၎င်းတို့၏ စိတ်အားထက်သန်မှုကို ဖော်ပြနေသည်။

ခေါင်မိုးပေါ် တက်သွားသည့် လူများသည် တစ်ယောက်ပြီး တစ်ယောက် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြ၍ အမောဖြေပြီးနောက် လူအနည်းငယ်အား ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် စောင့်ကြည့်၍ ဇွန်ဘီများ တက်မလာနိုင်အောင် ကာကွယ်ရန်အတွက် တာဝန်ပြီးနောက် ကျန်လူများက ၎င်းတို့၏ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနေကြသည်။

"သောက်ကျိုးနည်း၊ မြို့တော်မှာ လူနေဖို့ နေရာမရှိတော့ဘူးလား။ ဇွန်ဘီတွေနဲ့ ပြည့်နေတာ စိတ်ပျက်စရာကောင်းတယ်"

လူတစ်ယောက်က ဇွန်ဘီများရှိရာသို့ တံတွေးထွေးချလိုက်ရာ ထိုကဲ့သို့ ခေါင်းဆန့်၍ တံတွေးထွေးချလိုက်သည့် အပြုအမူက အောက်ဘက်ရှိ ဇွန်ဘီများအား ဆွဲဆောင်နိုင်၏။ ရူးသွပ်နေကြသော ဇွန်ဘီများသည် သူတို့၏ ဆန့်ထုတ်ထားသောလက်များကို လေထဲ၌ ဟိုဟိုဒီဒီလွှဲယမ်းကာ အော်ဟစ်နေကြသည်။

"ဟမ့်၊ ဒီမှာ ဇွန်ဘီတွေပဲ ရှိလို့ပေါ့၊ မဟုတ်ရင် အခြေစိုက်စခန်းက ဒီလို ဆုကြေး ကြီးကြီးမားမားရမယ့် တာဝန်တွေ ဘယ်လိုလုပ်ပြီး ပေးမှာလဲ"

ခေါင်မိုးပေါ်တွင် ခြေပစ် လက်ပစ် လဲလျောင်းနေသူတစ်ဦးက အသက်ပြင်းပြင်း ရှု၍ ပြောလာ၏။

"ငါ့ကို ပြောပြစမ်းပါ။ အဲ့ပစ္စည်းတွေက အရမ်းအရေးကြီးတယ်ဆိုရင် အခြေစိုက်စခန်းက ဘာလို့ စစ်တပ်တွေ လွှတ်ပြီး သွားမယူခိုင်းတာလဲ။ အာဏာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ကယ်ဖို့ အတွက်တောင် မြို့တော်ထဲကို ကားတွေအများကြီး လွှတ်လိုက်သေးတာပဲ မဟုတ်လား"

"ဟမ့်"

လူတစ်ယောက်က မကျေမချမ်းဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"သူတို့ မြို့တော်ထဲကိုဝင်တုန်းက လူတွေဘယ်လောက်တောင် သေခဲ့လဲ။ တကယ်လို့ မြို့လယ်ခေါင်ကိုဝင်ဖို့သာ အရမ်းလွယ်နေရင် သူတို့က ဒီတစ်ခေါက်လိုမျိုး ပစ္စည်းကောင်းတွေ ပေးပြီး ကမ်းလှမ်းလာပါ့မလား။ ဒီနေရာကို ကားတောင် မောင်းလာလို့ မရဘူး။ ပြီးတော့ အသက်ရှင်လျက် ပြန်သွားနိုင်မလားဆိုတာလည်း မသိဘူး"

အဖော်များ၏ မကျေမနပ် စကားသံများကို ကြားသောအခါ ဤနေရာမှ လွတ်မြောက်ရန် ကြံစည်နေသူ အနည်းငယ်လည်း မွန်းကြပ်လာသလို ခံစားလိုက်ရ၏။ သူတို့ အားလုံး ဝမ်းနည်း စိတ်ပျက်နေကြသည်။ အစပိုင်း၌ သူတို့အဖွဲ့တွင် လူ အယောက်လေးဆယ် ရှိသော်လည်း ယခုအခါ ဆယ့်နှစ်ယောက်ခန့်သာ ရှိတော့၏။ အကယ်၍ တာဝန်ပြီးဆုံးသည်အထိသာဆိုပါက ယခု ကျန်ရှိသည့် လူများအားလုံး အတူတကွ အသက်ရှင် လွတ်မြောက်နိုင်ခြေ ရှိ၊ မရှိကိုလည်း မည်သူမှ မသိနိုင်ပေ။

"အခြားအဖွဲ့တွေရော ဘယ်လိုတွေ လုပ်နေကြတာလဲဆိုတာ ငါ မသိတော့ဘူး"

လူတစ်ယောက်က ရုတ်တရက် ထမေးလိုက်၏။

"ဘယ်သူသိမှာလဲ။ တခြား အဖွဲ့တွေကိုတော့ ငါ သေချာမပြောရဲပေမယ့် ဇွန်ဘီ သတ်မယ့်အဖွဲ့ကတော့ စစ်မှုထမ်းဟောင်းတွေချည်းပဲ။ အခြားအဖွဲ့တွေ အားလုံး သေကုန်ရင်တောင်မှ သူတို့ကတော့ လွတ်နိုင်တယ်"

"ဟမ့်၊ စစ်မှုထမ်းဟောင်းတွေ မဟုတ်ပါဘူး။ သူတို့ မြို့လယ်ကို ဝင်သွားတော့ မင်း မတွေ့လိုက်ဘုးလား။ အားလုံးက အတူတူ စုပြီး လုပ်သင့်၊ မလုပ်သင့် ဆွေးနွေးနေတဲ့အချိန်မှာ သူတို့က ဇွန်ဘီအုပ်လိုက်ကြီးကို ငါတို့ဘက် တွန်းပို့ပြီး အရင်ဆုံးဝင်သွားတာလေ"

"အမှန်ပဲ။ ငါတို့ အဖွဲ့က အကြီးအကျယ် ရှုံးနေတဲ့အချိန်မှာ သူတို့က ထိပ်ကနေ ဦးဆောင်သွားတာလေ"

"ဟေး၊ ပြောကြဦး၊ ငါတို့ ဇွန်ဘီတွေကို သတ်ပြီး အမြုတေ ထုတ်မယ်ဆိုရင်ရော၊ လက်ဗလာနဲ့ ပြန်တာထက်တော့ ပိုကောင်းတယ် မဟုတ်လား"

"အမှန်ပဲ၊ ဒါပေမယ့် ငါတို့ ဇွန်ဘီ ဘယ်လောက် သတ်မယ်ဆိုတာက ကိစ္စမရှိဘူး။ အောက်မှာ ဇွန်ဘီတွေ အများကြီး ရှိနေတာ။ ငါတို့ အမြုတွေကို ဘယ်လို လိုက်ကောက်မလဲ"

"အဲ့ကောင်တွေ အားလုံးကို သတ်ပစ်ဖို့ ကြိုးစားလို့ရတယ်လေ။ ကမ္ဘာပျက်ကပ် အစတုန်းက ငါ့မိန်းမကို အဲ့အော့နှလုံးနာစရာ သတ္တဝါတွေက သတ်ပစ်ခဲ့တာ"

ထို့နောက် ထိုလူက ရုတ်တရက် ထရပ်လိုက်ပြီးနောက် ခေါင်မိုးစွန်းသို့ လျှောက်သွားကာ သေနတ်ကိုဆွဲထုတ်၍ အဆက်မပြတ်ပစ်လိုက်၏၊

"စိတ်လိုက်မာန်ပါ မလုပ်စမ်းနဲ့"

"စောက်ရူး။ ကျည်ဆန်တွေ အားလုံးကို ဖြုန်းပစ်ရင် မင်း ဘယ်လိုလုပ်ပြီး အသက်ရှင်ရက် ပြန်နိုင်မှာလဲ။"

"မသေချင်ရင် သေနတ်ကို ဒီအတိုင်းကိုင်ထား။ ဒီနားမှာ စောက်ရူးလို လာမလုပ်နဲ့။ မင်းရဲ့သေနတ်သံက ဇွန်ဘီတွေ အများကြီးကို ဆွဲဆောင်မိသွားမယ်ဆိုတာ မတွေးမိဘူးလား"

ဝေ့ရွှမ်းက ထိုအဆောက်အဦး ဒုတိယ ခေါင်မိုးပေါ်သို့ မှန်ဘီလူးဖြင့် စေ့စေ့စပ်စပ် လေ့လာပြီးနောက် တုဟန်အား ဆွဲကာ အခန်း အတွင်းပိုင်းထဲအထိ ဝင်ပုန်းလိုက်၏။

သူသည် သူတို့ ချောင်းကြည့်နေသည်အား ထိုသူများက သိသွားမည်ကို ကြောက်ရွံ့နေခြင်းမဟုတ်ပေ။ စင်စစ် လွန်ခဲ့သည့် ရက်အနည်းငယ်က မြို့တော်၌ အသက်ရှင် ကျန်ရစ်သူ အနည်းငယ်ရှိနေသည်ကို သူ သိလိုက်ရသော်လည်း အလွန်အမင်း တုန်လှုပ်သွားခြင်း မရှိပေ။ သို့သော် သူသည် ယခုအချိန်၌ ထိုသူများက သူနှင့် တုဟန်တို့ ပုန်းအောင်းနေသည့် အဆောက်အဦးကို အတော်လေး လုံခြုံမှုရှိသည်ဟု တွေး၍ လာရောက်ပုန်းအောင်းကြမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ယခုအချိန်၌ တုဟန်၏ အကြောင်း ပေါ်သွား၍ မဖြစ်ပေ။

မြို့တော်ထဲသို့ ဝင်၍ ရိက္ခာလာရှာသူများသည် အသက်ရှင် ကျန်ရစ်သူများသည် အသက်ရှင်ကျန်ရစ်သူများကို တွေ့ပါက လျစ်လျူရှုသွားနိုင်သလို ထိုအသက်ရှင် ကျန်ရစ်သူများ နေထိုင်သည့်နေရာသို့ အတင်းအကြပ် ဝင်ရောက်၍ ထိုသူများ စုဆောင်းထားသည့် ရိက္ခာများကို လုယက်သွားနိုင်သည်။ ယခင်ကလည်း လူများသည် ငွေအတွက်နှင့် တစ်ပါးသူများ ချောက်ချခြင်း၊ သတ်ပစ်ခြင်းစသည့်လုပ်ရပ်များကို လုပ်ခဲ့ကြပြီး အပေါင်းအသင်းများကြားတွင်ပင် ထိုလုပ်ရပ်များက မထူးဆန်းတော့ပေ။

ယခင်ဘဝက ဝေ့ရွှမ်းသည် မြို့တော်သို့ အခြားလူများနှင့်အတူ သိပ်မသွားခဲ့ဖူးချေ။ သူသည် ထိုကဲ့သို့ မြို့တော်သို့ သွားရန်အတွက် ဆင်ခြေပေး၍ ငြင်းဆန်တတ်ပြီး တမင်တကာပင် ထိုသူများကြားမှ ခွဲထွက်တတ်သော်လည်း သူသည် အလားတူ အခြေအနေများစွာကို မြင်ဖူးပြီးသားပင်။ မြို့လယ်၌ ဇွန်ဘီများစွာ ရှိ၍ အန္တရာယ်လည်း ပိုများ၏။ ထို့ကြောင့် မြို့တော် ပတ်ဝန်းကျင်ရှိ ကျေးလက်တောရွာ ဒေသများနှင့်စာလျှင် ထိုကဲ့သို့သော ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

အခြေစိုက်စခန်းငယ်လေးများကြား၌ အကြီးအကဲများ၏ ညွှန်ကြားမှုဖြင့် ရိက္ခာများ ခွဲဝေကြရ၏။ ဤသည်မှာ ဝေ့ရွှမ်း သူ၏ ဖြစ်တည်မှုကို ဖုံးကွယ်ထားရသည့် အဓိက အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

အမှန်ပင်၊ ယခုအချိန်သည် ကမ္ဘာပျက်ကပ်အစပိုင်းသာ ရှိသေး၍ အပြင်ထွက်၍ ရိက္ခာ ရှာဖွေကြသောသူအများစုသည် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ မရောက်ကြသေးပေ။

ထို့ကြောင့် ဝေ့ရွှမ်းက ထိုသူများ၏ အခြေအနေအား စစ်ဆေးကြည့်ပြီးနောက် ထိုသူများက သူတို့အား ရှာတွေ့သွားနိုင်ခြေရှိသည့် အလားအလာများကို လျော့ချပစ်ရန် ကြိုးစားနေခြင်းပင်။ သို့ရာတွင် ထိုသူများသည် ယခု ပုန်းအောင်းနေသည့် နေရာအနီးတွင် ရှိနေသဖြင့် သူသည် အစီအစဥ် မချမီတွင် ၎င်းတို့၏ လှုပ်ရှားမှုများအား လေ့လာဆန်းစစ်၍ အကဲဖြတ်ထားခြင်း ဖြစ်၏။ လက်တွေ့၌ ထိုသူများက ဘယ်အချိန်မှ ဤနေရာက ထွက်ခွာသွားမည်၊ မြို့တော်ထဲရှိ မည်သည့်နေရာသို့ ဆက်သွားမည်ဆိုသည်အား မည်သူသိမည်နည်း။

ခဏမျှကြာအောင် စဥ်းစားပြီးနောက် ယခု တစ်ကြိမ်၌ ဝေ့ရွှမ်းသည် အခန်းတွင်း အခြေအနေကိုပြောင်းလဲလိုက်ကာ၊ တံခါးဘေးရှိ တံခါးရွက်များပါသည့် ပြတင်းပေါက်အနီးသို့ သွား၍ ထိုသူများအား ထပ်မံ၍ ဂရုတစိုက် စစ်ဆေးလိုက်ပြန်သည်။ ထိုသူများရှိနေသည့်နေရာသည် သူနှင့်တုဟန် ပုန်းအောင်းနေသည့် အဆောက်အဦးနှင့် သိပ်မဝေးသဖြင့် ဤနေရာမှ မတ်တပ်ရပ်ကြည့်ရုံဖြင့်ပင် ထိုလူများ၏ ပုံပန်းသဏ္ဍာန်ကို အကြမ်းဖျင်း မြင်ရနိုင်၏။ ဝေ့ရွှမ်းအတွက် အံ့သြစရာ ကောင်းသည်မှာ မျက်နှာချင်းဆိုင်ဘက်ရှိ အုပ်စုထဲ၌ ရုပ်ချင်းအနည်းငယ်ဆင်သူ အများအပြားရှိနေခြင်းပင်ဖြစ်သည်။

၎င်းတို့အနက် ခေါင်မိုးပေါ်တွင် လဲလျောင်းနေသည့် အရပ် ၁၉၀ စင်တီမီတာခန့်ရှိသော လူတစ်ယောက်သည် ယခင်ဘဝက ဝေ့ရွှမ်းနှင့် တစ်သင်းတည်းကျဖူးသူတစ်ယောက်နှင့် ဆင်၏။ သို့သော် ဝေ့ရွှမ်းသည် မြို့တော်မှ ထွက်လာပြီးသည်နှင့် ထိုအုပ်စုထဲမှ တမင်တကာ ခွဲထွက်သွားလေ့ရှိရာ ထိုလူနှင့် အဆက်အဆံ မရှိပေ။

နောက်တစ်ယောက်မှာမူ သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်၍ အလွန် အိုမင်းသော ရုပ်သွင်ရှိကာ ပိန်လှီခြောက်ကပ်နေပြီး သူ၏ အသားအရည်မှာလည်း အနည်းငယ် အဝါရောင်သမ်းနေ၍ ခါးလည်း အနည်းငယ်ကုန်းသည်။ ဝေ့ရွှမ်း ထိုလူအား အနည်းငယ် ပို၍ရင်းနှီးနေသည်မှာ တစ်ဖွဲ့တည်းကျစဥ်က အတူ ပူးပေါင်းလုပ်ဆောင်ဖူးသောကြောင့်ပင်။ ထိုအချိန်က အပြင်ထွက်၍ တာဝန်ထမ်းဆောင်တိုင်း ဝေ့ရွှမ်းသည် များသောအားဖြင့် ခပ်လျိုလျိုသာ နေတတ်၍ ဝေ့ရွှမ်းကဲ့သို့ပင် ထိုလူသည်လည်း ထင်ပေါ်မှုမရှိချေ။

ယခင်က သူနှင့် သေချာပေါက် အလုပ်အတူလုပ်ဖူးသည့် ထိုလူနှစ်ယောက်အပြင် ကျန်သည့်တစ်ယောက်စ၊ နှစ်ယောက်စကိုလည်း သူ အနည်းငယ် ရင်းနှီးနေသည်။ သို့သော် ကမ္ဘာပျက်ကပ်အစောပိုင်းက တွေ့ဖူးသူများသည် ဤကမ္ဘာပျက်ကပ်အတွင်း၌ နှစ်နှစ်၊ သုံးနှစ်စာခန့် အိုမင်းသွား၍ ရုတ်တရက် ပုံပန်းသွင်ပြင်များ၏ ကွာဟချက် အလွန်ကြီးမားလာသည်။ ထို့ကြောင့် တစ်ဖက်လူ၏ မျက်နှာအစိတ်အပိုင်းများက အလွန်သီးသန့်ဆန်၍ တမူထူးခြားနေခြင်း မရှိလျှင် အချင်းချင်း မှတ်မိနိုင်ရန် ခက်ခဲ၏။ ယခု ဝေ့ရွှမ်း လူအချို့အား ခပ်ရေးရေး မှတ်မိခြင်းကပင် အတော်လေး ဥာဏ်ကောင်းလွန်းနေပြီ ဖြစ်သည်။

ယခင်ဘဝက ပတ်သတ်ခဲ့ဖူးသည်ဟု သံသယရှိသူများကိုမြင်သောအခါ ဝေ့ရွှမ်းသည် လေးလေးနက်နက် စဥ်းစားလိုက်သော်လည်း မည်မျှစဥ်းစားစေကာမူ ယခင်ဘဝက သူသည်လည်း ထိုသူများကဲ့သို့ မြို့တွင်း ရှာဖွေရေးလုပ်ငန်းများ၌ ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို လုံးဝ သတိမရချေ။ အကြောင်းမှာ တုဟန်သည် လူသားများရှိသည့် အခြေစိုက်စခန်းသို့ သူနှင့်အတူ လိုက်မလာနိုင်သောကြောင့် သူသည် အပြင်ဘက်ရှိ တုဟန်၏ အခြေအနေကို စိုးရိမ်သဖြင့် အပြင်ထွက်သည့်အခါတိုင်း အခြေစိုက်သို့မပြန်မီ အခွင့်ရေးရလျှင် တုဟန်အား အပြေးသွားတွေ့လေ့ရှိ၏။ ထို့ကြောင့် သူသည် ထိုလူများ မြို့တော်သို့ဝင်သည့်အခါတိုင်း အခြေစိုက်စခန်းတွင် ကျန်မနေခဲ့ဘဲ သူတို့နှင့်အတူ မြို့တော်သို့ဝင်၍ ခွဲထွက်သွားလေ့ရှိသည်။

"ကြည့်ရတာတော့ ဒီနေ့လည်း ငါတို့ ဒီနေရာမှာ ခဏနေရမယ်နဲ့တူတယ်၊ အင်း..နောက်နေ့ကျရင်တော့ အာလူးပင်ပေါက်တွေ ပုပ်မသွားဖို့ မျှော်လင့်ပါတယ်။"

ဝေ့ရွှမ်းက တုဟန်၏ ကျောပိုးအိတ်များအား အနည်းငယ် စိုးရိမ်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။ ယမန်နေ့က မီးလောင်သဖြင့် သူသည် အာလူးပင်များကို အခြားနေရာများတွင်သာ စိုက်ပျိုးခဲ့၍ မြက်ခင်းပြင်ပေါ်၌မူ မြေသား အပူချိန်လျော့ကျသွားမှသာ စိုက်မည်ဟု အစီအစဥ်ဆွဲ၍ တမင်တကာ ချန်လှပ်ထားခဲ့သည်။ သို့သော် ယနေ့တွင်မူ ထိုလူများ ရုတ်တရက် ရောက်ရှိလာ၍ သူသည် ရွေးခြယ်စရာ မရှိတော့ဘဲ ဤနေရာ၌သာ ငြိမ်ငြိမ်သက်သက် ခိုအောင်းနေ၍ ထိုလူများထွက်သွားသည်အထိ စောင့်ရတော့မည် ဖြစ်သည်။

ထိုသူများကလည်း  ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားနိုင်ရန် မျှော်လင့်နေသည်မှာ အသိအသာပင် ဖြစ်သော်လည်း ကံဆိုးသည်က အောက်ထပ်၌ ဇွန်ဘီများ တစ်စထက်တစ်စ ပိုများလာပြီး ဇွန်ဘီ အနည်းစုကမူ ထိုသူများရှိနေသည့် ခေါင်မိုးပေါ်အထိ တွယ်တက်ရန်ပင် ကြိုးစားလာကြ၏။ ထို့ကြောင့် ယခုအချိန်၌ သူတို့ထွက်ခွာရန် အလွန်ခက်ခဲနေသည်။

ဝေ့ရွှမ်းသည် ဤတစ်ကြိမ်တွင်လည်း အလောတကြီး မလုပ်ဆောင်ရဲပေ။ သူ၏ ဘေးရှိ တုဟန်သည်လည်း ထိုသက်ရှိလူသားများ၏ အရသာရှိလှသော အသက်ရှုသံများ၏ ဖမ်းစားခြင်းကို ခံနေရသဖြင့် ထပ်မံ တောင့်မခံနိုင်တော့ပေ။ ထို့ကြောင့် ဝေ့ရွှမ်းသည် တုဟန်အတွက် သယ်လာသည့် နှင်းခဲလေးများကိုသာ ထုတ်ပေးလိုက်ရပြီး ယခင်ဘဝက ဖြစ်ရပ်များကို ပြန်လည် စဥ်းစားလိုက်သည်။ ထိုစဥ်က သူသည် တာဝန်ပြီးဆုံးသည့်နောက်မှ ထိုသူများနှင့် ဆုံခဲ့သည်လား။ သို့မဟုတ် တာဝန်မပြီးဆုံးခင် ထိုသူများနှင့် ဆုံခဲ့သည်လား။ ထိုသူများ၏ တာဝန် အောင်မြင်ခဲ့ခြင်း ရှိ၊ မရှိကိုလည်း သူ မမှတ်မိပေ။

ထိုသူများအနက် အရပ်ရှည်ရှည်နှင့် လူသည် ယခင်ဘဝက သူနှင့်အတူ အလုပ်လုပ်ခဲ့ဖူးသော်လည်း နောက်ပိုင်း၌မူ သူသည် ထိုသူ့အပေါ်၌ မည်သည့်အမြင်မှ မရှိတော့ပေ။ အခြားသူများကိုလည်း သူတို့၏ ပုံပန်းသွင်ပြင်ကြောင့်သာ ရင်းနှီးနေခြင်းဖြစ်၏။ သို့သော် ကမ္ဘာပျက်ကပ်အတွင်း ပြေးပြေးလွှားလွှား ဖြတ်သန်းခဲ့ပြီးနောက် ထိုသူများနှင့်ပြန်တွေ့သောအခါ ၎င်းတို့၏ ရုပ်ရည်သွင်ပြင်များက ပို၍ ကြမ်းတမ်းလာသဖြင့် အနည်းအကျဥ်းသာ မှတ်မိတော့သည်။

ကမ္ဘာပျက်ကပ်မှာလယ်စိုက်မယ် Where stories live. Discover now