2

71 13 0
                                    

အိပ်စက်နေရာမှ မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်သည်။ မှန်ပြတင်းမှ အလင်းဖျော့ဖျော့တို့က အခန်းထဲ တိုးဝှေ့လာပြီ။ Renjun က ရုတ်ခြည်းမထသေးဘဲ ခြေဖျား၊ လက်ဖျားတွေကို အရင်လှုပ်ကြည့်သည်။ ပြီးတော့ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။ ခုတင်ပေါ်တွင် ဟိုဘက်လှိမ့်လိုက် သည်ဘက်လှိမ့်လိုက် လုပ်သည်။
ဖြည်းဖြည်းဆေးဆေးလုပ်ခွင့်ရသော နံနက်ခင်းဖြစ်သည်။
နှိုးစက်မလိုသော နံနက်ခင်းဖြစ်သည်။
social media မသုံးသော နံနက်ခင်းလည်းဖြစ်သည်။
သူ့ကိုယ်သူ အနားပေးထားသည်မှာ တစ်ပတ်ခန့်ရှိပြီ။ အကြောင်းရင်းကတော့ အသည်းကွဲနေ၍ဖြစ်သည်။ ခါတိုင်းဆိုလျှင် မိုးလင်း၍ မျက်လုံးပွင့်သည်နှင့်တစ်ပြိုင်နက် social media ကြည့်မိသည်။ အကြောင်းကတော့ သူနှင့် Jeno ၏ fan page များကို လိုက်ကြည့်ခြင်းဖြစ်သည်။ အခုတော့ ကြည့်ချင်လျှင်တောင် ကြည့်စရာ ဖုန်းလည်းမရှိတော့။ သူဒေါသဖြစ်ဖြစ်နှင့် ဖုန်းကို ပေါက်ခွဲခဲ့တာကြောင့်ဖြစ်သည်။
လွန်ခဲ့သည့် တစ်လကျော်လောက်က Lee Jeno ၏ အနမ်းပေးနေသော ဗီဒီယိုဖိုင်ကြောင့် သူအသည်းအကြီးအကျယ်ကွဲခဲ့သည်။ တစ်ဖက်လူကိုသေချာမမြင်ရသော်လည်း နမ်းနေသည့်လူက Lee Jeno မှ Lee Jeno ။ သူ့မျက်နှာကိုသေချာမမြင်ရဘူးဆိုလျှင်တောင် သူက နောက်ကျောလေးမြင်ရုံ၊ အဝေးကမြင်ရုံနှင့် Lee Jeno ကိုမှတ်မိပြီးသား။
ဟန်ဆောင်ပြီးတွဲခဲ့တာဆိုပေမယ့် သူက Jeno ကို သိပ်ချစ်ခဲ့တာ။ လူတွေရှေ့မှာမို့ Jeno က ဟန်ဆောင်ပန်ဆောင်ကြင်နာပြတာကိုတောင် သူက စွဲလမ်းပျော်ဝင်ခဲ့ရတာ။ တစ်နေ့ကျရင် သူ့ကို Jeno က ပြန်များချစ်လာမလားလို့ တိတ်တခိုးမျှော်လင့်ခဲ့ရတာ။ အခုတော့ တစ်ဖက်သတ်ချစ်ပြီး တစ်ဖက်သတ် အသည်းကွဲရသည်။
လူတစ်ယောက်ကို တစ်ဖက်သတ်သဘောကျရခြင်းသည် ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ခြင်းတစ်မျိုးသာဖြစ်သည်။
ဗီဒီယိုပို့လိုက်သူကို သူမသိပေမယ့် Jeno ကို သူ သိသည်။ Jeno က သူနှင့် ဇာတ်ကားရိုက်‌တုန်းကတောင် နမ်းတဲ့အခန်းကို မရိုက်ခဲ့။ သူတကယ်သဘောကျတဲ့သူကိုမှ နမ်းမှာမို့တဲ့လေ။Jeno က သူသဘောကျတဲ့သူကို တွေ့‌သွားခြင်းသာ။ Jeno ကို သူလက်လွှတ်လိုက်ရမှာ၊ သူတို့ဟန်ဆောင်တဲ့ကာလကျော်လွန်သွားရင် ထာဝရဆုံးရှုံးရတော့မှာ။
လေးရက်လောက် ဘာမှဟုတ်တိပတ်တိစားမဝင်ခဲ့။ အလုပ်လုပ်သည့်အခါ မေ့သွားပေမယ့် တစ်ယောက်တည်းရှိသည့် အချိန်ဆို မျက်ရည်တွေကျသည့်အထိ။ အိပ်‌မက်တွေထဲအထိ ငိုကြွေးခဲ့ရသည်။ မန်နေဂျာဖြစ်သည့် Kun Hyung က သူ့ကို အနားယူဖို့ သတိပေးရသည်အထိ စိတ်ထိခိုက်ရသည်။ ဒါ့ကြောင့် သူမနားခင် နှစ်လလောက်လုပ်ရမည့် အလုပ်များကို တစ်ပတ်တည်းနှင့် သိမ်းကြုံးလုပ်ခဲ့သည်။ အဲ့သည်အခါကျတော့လည်း Kun Hyung က ကျန်းမာရေးသတိပေးရသည် အထိပင်။
သူငယ်ချင်းတစ်ယောက်ပြောသလိုပါပဲ အလုပ်မရှိလို့ အသည်းကွဲတာတဲ့။ အလုပ်တွေဖိလုပ်လိုက်တော့ သတိရချိန်သိပ်မရှိတော့။
အခုတော့ သူ၏ ရက်ရှည်အားလပ်ရက်ကို အကျိုးရှိရှိအသုံးချဖြစ်သည်။ အင်တာနက်မရှိ၊ ဖုန်းမရှိသည့် ဘဝတွင် သဘာဝနှင့် တသားတည်းကျအောင်နေသည်။ အရင်ရက်တွေက အားရအောင် အချစ်နာကျပြီးပြီမို့ စိတ်တည်ငြိမ်ဖို့ရန်သာရှိတော့သည်။
မြို့အစွန်ရပ်ကွက်နားရှိ သူဝယ်ထားသည့်အိမ်တွင်နေသည်။ သည်ပတ်ဝန်းကျင်က အေးချမ်းသည်မို့ သူသဘောကျသည်။အိပ်ရေးဝဝအိပ်သည်။ အလုပ်မအားလို့ဟူသော အကြောင်းပြချက်များနှင့် မဖတ်ဖြစ်သည့် စာတွေဖတ်သည်။ မနက်ခင်းဆိုယောဂကျင့်သည်။ နံနက်စာစားပြီး ဈေးသွားသည့်နေ့ဆို ရပ်ကွက်ဈေးကို လမ်းလျှောက်သွားသည်။ ဈေးမသွားဖြစ်သည့်နေ့ဆို နံနက်ခင်းနေခြည်ခံယူရင်း ခြံဝင်းထဲလမ်းလျှောက်သည်။ ကိုယ့်ဘာသာဟင်းချက်စားသည်။ mindfulness ဖြစ်စေသည့် doodle pattern တွေ ဆွဲသည်။ တရားထိုင်သည်။ နေထွက်တာ၊ နေဝင်တာ၊ ‌တိမ်တွေအရောင်ပြောင်းတာကို စောင့်ကြည့်သည်။
တစ်ခါတစ်ရံမက Lee Jeno ကို သတိရပေမယ့် နာကျင်ရတာတော့ သက်သာပါသည်။

Business Couple Where stories live. Discover now