Chapter (35) Pheromone အဆင့်ဟူသည်

4.1K 522 18
                                    


[Unicode]

Chapter 35

Pheromone အဆင့်ဟူသည်

နှစ်ကုန်ခါနီးမှ ရုံးဖွင့်ရက်ကျန်သလောက်လေးအတွင်းအမှီ ကုမ္ပဏီပိုင်ဆိုင်မှု အမည်ပေါက်လွှဲပြောင်းမှုကိစ္စ အပြီးသတ်နိုင်ဖို့ ရှန်သိုက် ရှေ့နေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရသည်။ ရှေ့နေကြီးကတော့ လုပ်ငန်းပေါင်းသည့်အပိုင်း အလုံးစုံ ပြီးစီးနိုင်ဖို့အတွက်က အဆင့်ဆင့်တွေများစွာကျန်ရှိသေးသည်ဟု ဆိုသော်လည်း ရှန်သိုက်အမြင်မှာတော့ အခုကိုလည်း အတော်လေး ခရီးပေါက်လှသည်ဟု ထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် နဂို သဘောတူစာချုပ်တွင် ဒီလက်ထပ်မှုဟာ ငါးနှစ်ထက်မပိုသည့် ကာလအကန့်အသတ်ဖြင့် ထည့်ချုပ်ထားသည်ကြောင့် သူလည်းပဲ နှစ်အနည်းငယ်တော့ ကြာလောက်လိမ့်မည်ဟု ခန့်မှန်းထားဖြစ်ခဲ့ပေမဲ့ အခုကြည့်ရသလောက်တော့ နောက်နှစ်လောက်ထဲတွင်ပင် အပြီးသတ်နိုင်ချေရှိ၏။ အဲဒီအခါကျရင် ဒီ အိမ်ထောင်ရေးပတ်သက်မှုဟာ ရှေ့ဆက်ရန် လိုအပ်ခြင်းမရှိတော့ပေ။ ချွီမော့ယွီဘက်မှ ပြတ်စဲရန်သာ လိုအပ်ပေသည်။

ဒီအတွက်ကို ရင်ထဲထည့် သောကရောက်နေလို့လည်း အလကားဆိုတာကို သိလင့်ကစား ချွီမော့ယွီ သူ့ကို ပြန်ကြိုက်လာအောင်လုပ်လိုသေးပြန်သည်။ "ရတဲ့အချိန်လေးက နှမ်းစေ့၊ လုပ်ရမည့်အရာက ပုတ်လောက်"ဆိုတော့ ရောင်နီကတော့ အလှမ်းဝေးစွ။

လပြက္ခဒိန်၏ ဒွာဒဿမမြောက်လ၊ နှစ်ဆယ့်ကိုးရက်နေ့တွင် ရှန်သိုက် အိမ်သို့ပြန်ခဲ့ပြီး အဘွားနှင့် ညစာအတူတူစားဖြစ်ကြသည်။ သူ တောင်အာဖရိကသို့ အလုပ်ခရီးထွက်ရရန်ရှိသည်ကြောင့် နှစ်ကူးကို အိမ်မှာ အတူမရှိနိုင်ကြောင်း ပြောပြလိုက်သည်။ ဒီစကားဟာ မုသားတစ်ဝက် အမှန်တစ်ဝက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ကူးအတွက် ချွီအိမ်တော်ဆီ သွားရမည်လို့တော့ ပြောမဖြစ်ပေဘူးလေ။

စားသောက်ပြီးနောက် ရှန်ချင် ပန်းကန်ဆေးနေတဲ့အချိန်ကို ရှန်သိုက် မီးဖိုချောင်ထဲ ဝင်သွားလိုက်ပြီး "အခုလေးတင်ပဲ ကျွန်တော် ပိုက်ဆံလွှဲပေးထားတယ်။ နှစ်ကူးအတောအတွင်းမှာ အရသာရှိတာတွေ ပိုစားကြပေါ့။ ဒီတစ်ခါ အလုပ်ကိစ္စခရီးထွက်ရမှာက ဆယ်ရက်လောက် အနည်းဆုံး ကြာမယ်။ ဆိုတော့ သေချာလေး ဂရုစိုက်ပေးပါ။ သားတစ်ယောက် တာဝန်ကျေကျေနဲ့။ ဆေးရုံကိစ္စ ဟိုဟိုဒီဒီ ပြန်စစ်ပြန်ပြဖို့ခေါ်ထားတာတွေလည်း မမေ့နဲ့ဦးနော်။ အဘွား တစ်ခုခုလိုတယ်ဆို အချိန်မရွေး အသိပေးပါ"

Alpha Predator 《顶级掠食者》Myanmar TranslationWhere stories live. Discover now