-မပျော်တဲ့ ရေခဲမုန့်-
အဲ့ဒီတုန်းက ကျနော်က၈တန်းကျောင်းသားပေါက်စ။ဘေးအိမ်ကအကိုက တဦးတည်းသောသားကျနော့်အတွက်တော့ အကိုအရင်းတစ်ယောက်လို။အကို့အကြောင်းကလည်း ထူးထူးခြားခြားပြောစရာတော့မရှိ။ဂစ်တာတီးတတ်,ဆေးလိပ်သောက်တတ်သလို မကြာခဏအသည်းကွဲတတ်တဲ့သူတစ်ယောက်ပေါ့။ထူးခြားတာဆိုလို့ အဲ့ဒီနေ့ကတော့ ပုံမှန်ထက်ပိုပြီး အသည်းကွဲနေခဲ့ပုံရတာပါပဲ။
"ငါလည်း မပျော်တဲ့ရေခဲမုန့်ဖြစ်ချင်ခဲ့တာ သူ့အတွက်ပဲဖြစ်ဖြစ်ပေါ့"လို့ အကိုပြောလာတုန်းက ကျနော် ခဏလောက် အဓိပ္ပါယ်မပေါက်ဖြစ်နေခဲ့တယ်။ဒါကို အကိုလည်းရိပ်မိပုံပါပဲ။စီးကရက်ငွေ့တွေကိုမှုတ်ထုတ်ရင်း ဆက်ပြောလာတယ်။
"လူတွေကပျော်ဖို့ ရေခဲမုန့်စားတတ်ကြပေမယ့်
ရေခဲမုန့်တွေပျော်ရင်တော့ မပျော်ကြတော့ဘူးလေ။ငါလည်း သူ့ရင်ထဲမှာ အခြားတစ်ယောက်ရှိနေပြီးသားဆိုတာ သိခဲ့ပေမယ့် အနားမှာဆက်ရှိချင်ခဲ့တာ။အခြားတယောက်ကိုရင်ထဲထည့်ထားတာ မြင်ရတိုင်း မပျော်ပေမယ့် ငါရှိနေပေးရင် သူအထီးမကျန်လောက်တော့ဘူးလို့ထင်ခဲ့တာ""ဪ သိပြီ။အကို၅နှစ်လောက်လိုက်ခဲ့တဲ့အဲ့အမအကြောင်းလား။ဆိုပါဦး ဒီတခေါက်ရော ဘာထပ်ဖြစ်တာလဲ"
"ဒီလိုပဲ အရည်ပျော်ကျမသွားဖို့ တောင့်ခံရင်း ပင်ပန်းလာလို့ ဒီတခါတော့ ပုံပြင်လေးကပြီးသွားပါပြီ"လို့အကိုက သက်ပြင်းတချက်မှုတ်ထုတ်ရင်းပြောလာတော့လည်း ကျနော်စိတ်မကောင်း။အဲ့ဒီအမကို ဘယ်လောက်ချစ်ကြောင်း ကျနော်သိနေတာကြောင့်လည်း ပါတာပေါ့။
"ဒါဆို နောင်တရမိလား? ၅နှစ်လောက်အချိန်ဖြုန်းခဲ့မိတာပဲဆိုပြီးလေ"
"အင်း အနားကိုဇွတ်တရွတ်တိုးမသွားခဲ့ရင်တော့
အဝေးကငေးရတဲ့ အမှတ်တရကောင်းလေးဖြစ်နေလောက်မှာပေါ့ကွာ။အခုတော့ ဒါကို ကိုယ်တိုင်ပဲဖျက်ဆီးပစ်ခဲ့လိုက်ပြီလေ။တခုတော့ ကောင်းပါတယ်။အရက်တွေမူးလို့ကောင်းတယ်လေ။"လို့ အကိုကရယ်ရင်းပြောလာပေမယ့် ကျနော်ကတော့ လိုက်မရယ်နိုင်။အသည်းကွဲတာ ဘယ်နားကောင်းလို့လဲလို့ စိတ်ထဲကကြိတ်တွေးနေခဲ့ပေမယ့် တကယ်ကောင်းတဲ့ တချက်ရှိတာကိုတော့ နောက်နှစ်တွေကြာပြီး အကိုနဲ့ပြန်တွေ့တော့မှ ကျနော်နားလည်လာခဲ့ပါတယ်။အခုတော့ ရေခဲမုန့်လေးက အရည်ပျော်လို့ရခဲ့ပြီဆိုတာကိုပေါ့။#UmeSue
YOU ARE READING
Blue Eyes
Poetryဖြစ်မလာနိုင်တာသိပေမယ့် အိမ်မက်တွေမက်ပြီးရင် မေ့သွား/(မေ့ပစ်)တတ်တဲ့သူက မျက်လုံးပြာတွေရှိရင် အပြုံးတွေနဲ့အပြည့်ဖြည့်ထားမိမှာပဲဆိုတဲ့ အိမ်မက်ကလေးကိုတော့ နေ့စဉ်ရက်ဆက် မက်တတ်တာ။