ဘဝတဲ့။
စာလုံးလေးနှစ်လုံးတည်းပါ။
ရင်ဆိုင်ရတာတွေများ သီဖွဲ့လို့တောင် မလှပဘူး။ဘဝဆိုတာ တိုတိုလေးတဲ့။
ဟုတ်ပါတယ် တိုတိုလေးပါ။
ဖြတ်သန်းရတဲ့နေ့တွေမှာ ကြာလိုက်တာ၊ သောကရောက်နေချိန်ဆို၊ ဒုက္ခတွေရောက်နေချိန်ဆို တစ်စက္ကန့်ကုန်ဖို့တောင် သိပ်ကြာပါတယ်။ချမ်းသာခြင်းတွေ ကြွယ်ဝခြင်းတွေမရှိတဲ့ဘဝမှာ ပြည့်ပြည့်စုံစုံနဲ့ထားပေးတဲ့ အုပ်ထိန်းသူတွေရဲ့ကျေးဇူးကိုမမေ့ဘူး။ ဒီနေရာမှာ မိဘလို့မပြောချင်ဘူး။ တချို့တွေအတွက် မိဘတွေက ကောင်းချင်ကောင်းလိမ့်မယ်၊ တချို့တွေအတွက် အဖိုးအဖွားဆွေမျိုးသားချင်းတွေကကောင်းလိမ့်မယ်။ ဒါကြောင့် အုပ်ထိန်းသူလို့ပဲ နာမည်တပ်ပါ့မယ်။
အမွေဆိုလို့ ပညာရေးကိုသာ ပေးနိုင်တဲ့ အုပ်ထိန်းသူ။ (ကိုယ့်ရဲ့မိခင်နဲ့ဖခင်ပေါ့။) သူတို့လေ။ သူတို့။
သူတို့က နည်းပညာခေတ်ကို အမီမလိုက်နိုင်ပေမဲ့ သူတို့ရဲ့သားသမီးတွေကိုတော့ အများတန်းတူ အသိဉာဏ်တွေကြွယ်ဝစေတယ်။အသက်နှစ်ဆယ်ကျော်အထိ မသိတတ် မလိမ္မာသေးတဲ့ကျွန်မ။ ဘဝရဲ့လှိုင်းအမျိုးမျိုးကြောင့် စိတ်တွေမတည်ငြိမ်နိုင်ခဲ့တဲ့ကျွန်မ။ တစ်စုံတစ်ယောက်ရဲ့မင်္ဂလာပွဲကြောင့်။ အမြဲလိုလို မတည်ငြိမ်ခဲ့တဲ့ရေပြင်က အခုဆို တည်ငြိမ်ခဲ့တာ ၄ နှစ်တောင်ရှိခဲ့ပြီ။
၂၆ နှစ်ပြည့်ပြီ။
ကျွန်မရဲ့မိခင်ဖြစ်သူကမေးတယ်။
"ပြည်ပမှာအလုပ်သွားလုပ်ရတော့မယ် အဆင်သင့်ဖြစ်ပြီလား" တဲ့။ လေယာဉ်ဒိတ်စောင့်နေတဲ့ကျွန်မကို သူမက အဆင်သင့်ဖြစ်ပြီလားတဲ့။ ၂၄ နှစ်ကျော် ၂၅ နှစ်မပြည့်ခင်တည်းက စောင့်နေခဲ့ရတဲ့အလုပ်က တစ်နှစ်ကျော်မှလေယာဉ်တက်ဖို့ဖြစ်လာတာလေ။ ဒီတစ်နှစ်ကျော်အတွင်း သူမရဲ့သမီးအငယ်ဆုံးဖြစ်တဲ့ကျွန်မက ဘာမှအလေးအနက်မတွေးထားဘူးလို့ သူမထင်နေပုံပါပဲ။ ကျွန်မက အငယ်ဆုံးလေ။ သူတို့မျက်လုံးထဲ ၂၆နှစ်ကျွန်မကို အခုထိ ၆ နှစ်အရွယ် ကလေးဆိုးလို့ ထင်နေသေးပုံပါပဲ။"မားမားသမီးက ၂၆ နှစ်တောင်ရှိနေပြီနော်" လို့ ပြောပြန်ရင်လည်း သူမကမကြိုက်ပြန်ဘူး။ "နင့် ၂၆ နှစ်က လူကြီးရုပ်တောင်ပေါက်သေးလို့လား" တဲ့လေ။
သို့ပေမဲ့လည်း။
သူမမျက်လုံးထဲကလေးလို့ပဲမြင်နေသေးတဲ့ ကျွန်မကို သိန်း ၇၀ လက်ဝယ်ပေးလာတယ်။ "ဘာအတွက်လဲ" လို့ ကျွန်မပြန်မေးတဲ့အခါ သူမက "ဒီထက် ပိုမပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်"တဲ့။ သားချစ်မေမေဖြစ်တဲ့ သူမက သူမရဲ့တန်ဖိုးရှိတဲ့အရာတွေနဲ့ အကောင်းဆုံးတွေကို သားအကြီးဆုံးဖြစ်တဲ့ ကျွန်မရဲ့အစ်ကိုကို ပေးအပ်ပြီးတဲ့အချိန် သူမလက်ထဲ သိန်း ရာဂဏန်းလောက်သာကျန်ပါတယ်။ ထိုအထဲက သုံးပုံတစ်ပုံကို ကျွန်မလက်ထဲထည့်တယ်။ ကျန်တဲ့နှစ်ပုံက ကျွန်မအစ်မအတွက်ပါတဲ့။ ဒီအတွက် စိတ်မဆိုးပါနဲ့တဲ့။ ကျွန်မ ဘယ်လိုလုပ်စိတ်ဆိုးနိုင်မှာလဲ။ ကျွန်မထက် ၁၄ နှစ်ကြီးတဲ့ ကျွန်မအစ်မက အသက် လေးဆယ်ပြည့်တော့မယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမလက်ထပ်ဖို့ကိစ္စကို မိသားစုအတွက်ငြင်းဆိုခဲ့တဲ့ ကျွန်မအစ်မက သူမရဲ့သတို့သားလောင်းဘက်ကို တချက်တောင်မငဲ့ကွက်ခဲ့ပါဘူး။ မိသားစုအတွက် တစ်ယောက်ထဲဖြစ်နေသေးတဲ့ သူမကို ကျွန်မဘယ်လိုလုပ်ပြီးစိတ်ဆိုးနိုင်မှာလဲ။ပြည်ပမှာ ကျွန်မအလုပ်ရဖို့အတွက် ကျွန်မမိခင်ကရင်းနှီးလည်း ရင်းနှီးခဲ့ပြီးပြီ။ ဒါတောင် သူမက ကျွန်မလက်ထဲထပ်ပေးနေပြန်ပြီ။ ခုပေးတာက သူမ,ပေးနိုင်တဲ့နောက်ဆုံးအမွေဖြစ်သွားနိုင်တယ်တဲ့။ ပြန်လာချင်တဲ့အခါ သူမခင်ပွန်း(ကျွန်မဖခင်)ရဲ့ ဒီအိမ်ရှိနေပါသေးတယ်တဲ့။ ညီအစ်မတွေနေကြ၊ ကျွန်မအိမ်ထောင်ပြုတဲ့အခါ အိမ်ထောင်မပြုတော့တဲ့ကျွန်မအစ်မရဲ့တသက် ဒီအိမ်မှာနေခွင့်ပေးလိုက်ပါတဲ့။ ကျွန်မရဲ့အချစ်ရေးအကြောင်း တစ်ခါလေးတောင်မှ မိခင်ဖြစ်သူနဲ့မဆွေးနွေးခဲ့ဖူးပါဘူး။ ကျွန်မသည်လည်း မိသားစုကြောင့် လူတစ်ယောက်ကိုမရွေးချယ်ခဲ့ပါဘူးလို့ပြောရင် သူမ,ယုံပေးပါ့မလား။ ကျွန်မအလုပ်သွားလုပ်မှာ ခဏလေးပါ။ ဒီလိုစကားတွေပြောဖို့လိုအပ်လို့လား။ ကျွန်မဖြည့်တွေးပါတယ်။ သူမတို့က ရှေးလူကြီးတွေပဲလေ။ ခေတ်လူငယ်ဖြစ်တဲ့ကျွန်မကပဲ ဖြည့်တွေးပေးရတာပေါ့။ သူမက ကျွန်မကို ဘဝလမ်းကြောင်းပေါ်တင်ပေးခဲ့တယ်။ ကျွန်မ ကြိုးစားလျှောက်ပါတော့မယ်။
Dec 28, 2023.
EOU
ESTÁS LEYENDO
~~All of my life~~
De TodoAll kinds of emotional နှစ်သက်ခြင်းမရှိရင်ဥပက္ခာပြုထားပေးပါ ။ ~*~*~~~*~*~