Unicode
တိတ်ဆိတ်နေသည့် ညသန်းခေါင်ယံချိန်ခါဝယ်...
ဖန်ပြတင်းပေါက်တွင် လိုက်ကာကာထားသော်လည်း တစ်ဖက်သာချထားပြီး တစ်ဖက်ကကြိုးဖြင့်စည်းထားသည်ကြောင့် ပြတင်းပေါက်မှ အပြင်ရှိပတ်ဝန်းကျင်သို့ထိုးဖောက်မြင်နေရသည်။
သို့သော် ညအခါဖြစ်တာကြောင့် လရောင်ကလွဲ၍ တစ်ခြားမမြင်ရချေ။
ရှပ်!ရှပ်!ရွှတ်!
ထိုထပ်ဆင့်အသံများကြောင့် ပိတ်ထားသည့်ဒွန်း၏ မျက်လုံးအစုံက ဖြတ်ခနဲပွင့်သွားသည်။ပြီးနောက် ခဏငြိမ်ကာ ထိုအသံကိုထပ်မံနားစွင့်လိုက်၏
ရွှတ်!
ဒွန်းသည် ထထိုင်လိုက်ပြီးကုတင်ပေါ်မှ ဖြေးဖြေးချင်းဆင်းကာ အခန်းအပြင်ဘက်သို့လျှောက်သွားလိုက်သည်။ပုံမှန်အတိုင်း လမ်းလျှောက်နေသော်လည်း ငြင်သာလှသည်ကြောင့် မည်သည့်အသံမျှမကြားရ။
ရှပ်!
ဒွန်း၏ ခြေလှမ်းအစုံကရပ်တန့်သွားသည်။ရပ်သွားသည့်နေရာသည် ဂိုဏ်းသစ်အခန်းရှေ့တွင်ဖြစ်နေ၏။ထို့ကြောင့် တံခါးနားသို့ အနည်းငယ်ကပ်ကာ ကပ်နားထောင်လိုက်သည်။
လက်တစ်စုံကလည်း တံခါးလက်ကိုင်ကိုလှမ်းထားသည်။
အင့်!
ဂျုန်း!
သေးငယ်လှသည့်အသံလေးသည် ထပ်မံထွက်ပေါ်လာသည့်အခါတွင်တော့ ဒွန်းမနေနိုင်တော့ဘဲ တံခါးကိုဆောင့်တွန်းဖွင့်လိုက်၏။
အခန်းထဲတွင်တော့ မီးမဖွင့်ထားသည်ကြောင့် မှောင်မဲနေသော်လည်း ပြတင်းပေါက်မှဖြာကျနေသည့် လ၏အလင်းရောင်မှိန်မှိန်က ဂိုဏ်းသစ်၏ကုတင်ပေါ်သို့ အုပ်မိုးထားသည်။
ဘေးပတ်လည်ကို မျက်စိတစ်ဝှေ့ပတ်ကြည့်လိုက်တော့ မသင်္ကာစရာကမရှိချေ။သို့သော် ချစ်ခင်ရသူလုံခြုံရေးအရ ဘေးမှန်တင်ခုံပေါ်တွင်ထားသည့် သေနတ်ကိုတော့ ဒွန်း၏လက်ကအသင့်လှမ်းထားပြန်သည်။
ဟင့်!
သေနတ်ကိုအလျှင်အမြန်ကောက်ယူလိုက်ပြီး ကျောနောက်ဘက်သို့ပို့ထားလိုက်သည်။ပြီးနောက် ဂိုဏ်းသစ်ကုတင်ဘေးသို့ လျှောက်သွားလိုက်တော့မှ တစ်စုံတစ်ခုကိုသိရှိလိုက်ရတော့သည်။