(Unicode)
ဝုန်း!!!
သတိမမူ ဂူမမြင်ဆိုသလိုပဲ ရှေ့တည့်တည့်တွင် ရှိနေခဲ့သော ကျင်းကို ရှင်းထည်ဝါမောင် မမြင်ခဲ့..။ 'ငါ ပြုတ်ကျပြီ' လို့ တွေးမိသည့် စက္ကန့်ပိုင်းအတွင်း မျက်စိထဲ ပြာသွားသည်အထိ လင်းလက်သွားကာ မြေကြီးနှင့် ပါးပြင် အပ်သွားသည်ကို ခံစားမိလိုက်သည်။ အရှိန်ပြင်းပေမယ့် အကျမနာ..။ ပန်းအိုးတစ်ဝက်မြုပ်ရုံလောက်သာ တူးထားကြ၍ တော်သေးသည်။
နောက်ခြံဝင်းထဲ ခုန်ကူးသွားတာကို မမတို့ မြင်သွားပြီလား မသိရပေမယ့် ဆူဆူညံညံအသံမကြားရပုံကိုထောက်ရင် သူ ထွက်ပြေးတာကို မြင်သွားကြတဲ့ ပုံမပေါ်။ လွန်ခဲ့သောတစ်လခန့်က ရှင်းထည်ဝါမောင် အိမ်မှ ထွက်ပြေးခဲ့သည်။
"မမမောင်လေးက ဥာဏ်အရမ်းကောင်းပြီး အရမ်းကိုလိမ္မာတာ၊ မမ အားကိုးလို့ရမယ်ဆိုတာ သိနေတယ်"
"ရှင်းထည်ဝါမောင် သေချာလုပ်၊ အမေ မင်းကိုတော့ မျှော်လင့်ထားတယ်"
"တော်သေးတယ် သားနှစ်ယောက် မွေးခဲ့မိလို့၊ ငါ့သား ထည်ထည်လေးကြောင့် အဖေ စိတ်အေးနေတာ"
"မြေး..ထည်ဝါ ကုမ္ပဏီအလုပ်မှာ မပေါ့လျော့မိစေနဲ့"
ဘက်ပေါင်းစုံမှ ပေးလာသည့် ဖိအားတွေ။ မိသားစု၏ မျှော်လင့်ချက်၊ မိသားစု၏ အနာဂတ်လို့ ခေါင်းစဉ်တပ်ခံရခြင်းသည် ဆယ့်ကိုးနှစ်သားလေး ရှင်းထည်ဝါမောင်အတွက် အလွန်တရာလေးလံလှသော ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်နေသည်။
ရှင်းထည်ဝါမောင်တွင် ကိုယ်ပိုင်အိပ်မက်၊ ကိုယ်ပိုင်မျှော်လင့်ချက်ရှိခဲ့ဖူး၏။ ထည်ဝါသည် လူသားတို့၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်မည့် စုံထောက်တစ်ယောက် ဖြစ်ချင်ခဲ့ဖူးသည်။ သို့သော် မဆိုစလောက်နိမ့်နေသော အရပ်နှင့် မိသားစုခြေရာကို နင်းစေလိုသော အစ်မ၏ဆန္ဒတို့ကြောင့် ထည်ဝါ၏အိပ်မက်လေးများမှာ မရှိခဲ့သယောင် လွင့်စင်ခဲ့ရသည်။
ဘဝမှာ သူ ခေါင်းမာနိုင်ခဲ့တာဆိုလို့ တက္ကသိုလ်ကိုစိတ်ကြိုက် ရွေးချယ်နိုင်ခဲ့ခြင်း တစ်ခုတည်းသာ။ သို့ပေမယ့် စီးပွားရေးနဲ့ပတ်သတ်တဲ့ သင်တန်းများကိုလည်း မနားမနေတက်ခဲ့ရကာ ဒုတိယနှစ်ရောက်လာပြီးနောက်ပိုင်း ပိတ်ရက်တိုင်းလည်း အလုပ်သင်ဆင်းရသည်မို့ ကိုယ့်ရွေးချယ်မှုကိုပဲ နောင်တရလာသည်။
![](https://img.wattpad.com/cover/360991595-288-k36435.jpg)