ကျွန်မက ရေတစ်စက်လေးမှမကူးတတ်တဲ့အပြင် လုပ်ကြံသမားက အားပြင်းပြင်းနဲ့ကိုပစ်ချလိုက်တာကြောင့် ရေနက်နက်ထဲထိကို နစ်သွားခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အေးစက်နေတဲ့ရေတွေချည်း ၊ ဦးခေါင်းအထက်မှာ ပြာလဲ့လဲ့ရေတွေ ၊ ကျွန်မလေ ခေါင်းအထက်က အလင်းရောင်သဲ့သဲ့လေးကိုပဲ မြင်ရတော့တာ။ ဒီအချိန်မှာ ကျွန်မ ပါးစပ်ထဲကို ရေတွေတစ်လုံးတစ်ထွေးဝင်လာတော့ အရင်တစ်ခါ ရေနစ်တုန်းက ကျွန်မကိုကယ်တင်ပေးဖူးတဲ့သူကို ပြေးသတိရလိုက်မိတယ်။ အဲ့ဒီချိန်တုန်းက အားတုက ကျွန်မကို ရေထဲကနေကယ်ထုတ်ပေးပြီး နှစ်ယောက်သား တရားရုံးခွင်ကိုတောင် ရောက်ခဲ့ကြသေးတယ်။ အဲ့ဒီအချိန်တုန်းက ဖေကျောက်ဆိုတာလည်း ပေါ့ပေါ့ပါးပါးဝတ်ရုံ ခါးစည်းကြိုးနဲ့ အရမ်းကိုနှစ်လိုဖွယ်ကောင်းနေခဲ့တာ။
ဒီလိုအချိန်မျိုးမှာ ဖေကျောက်ကို ပြေးသတိရမိတော့ ကိုယ့်ကိုကိုယ်လည်း အံ့သြမိသား ၊ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ လီချန်းရင်အကြောင်း တွေးလိုက်မိပြန်သေးတယ်။ လက်စသတ်တော့ ကျွန်မနဲ့လီချန်းရင်ကြားမှာ နောက်ထပ်တွေ့ဆုံရဦးမယ့်ကံကြမ္မာမျိုး မရှိတော့ဘူးပဲ....ကျွန်မဘက်က သူ့ကို သဘောကျနေမိပြီး သူ့ဘက်ကလည်း ကျွန်မကို သဘောကျလာတဲ့အချိန်ကျမှတဲ့လေ။ အကယ်၍ သူသာ ကျွန်မကို သဘောမကျဘူးဆိုရင် အားလုံးရဲ့အရှေ့မှာ လုပ်ကြံသမားကို ကျိန်ဆိုပြီးစကားပြောပါ့မလား။
သူနဲ့ကျွန်မကြားမှာ ကံကြမ္မာမရှိတော့ရုံတင်ပါ ၊ ကံကောင်းချင်တော့ ကျောက်လျန်တိရှိနေပါသေးရဲ့။ ဒီလိုဆိုမှတော့ ကျွန်မ သေသွားခဲ့ရင် လီချန်းရင်က အကြာကြီးဝမ်းနည်းနေတော့မှာမဟုတ်ဘူး ၊ တဖြည်းဖြည်းနဲ့ ကျွန်မကို မေ့ပျောက်ပြီး ကောင်းကောင်းမွန်မွန်ရှင်သန်သွားကောင်းပါရဲ့လေ။
ရေတွေက ကျွန်မရဲ့နှာခေါင်းထဲရော ပါးစပ်ထဲပါတိုးဝင်လာတော့ ကျွန်မ ချောင်းဆိုးရေမွှန်းမိတာ ဘယ်ကြိမ်မှန်းမသိ ၊ တဖြည်းဖြည်းနဲ့ အသက်ရှူကြပ်လာပြီး ကျွန်မ ခေါင်းပေါ်က အလင်းရောင်စလေးကလည်း ဝေးသထက်ဝေးရင်း ရေအောက်ကို တစ်စစနဲ့နစ်မြှုပ်သွားခဲ့တာများ။
BẠN ĐANG ĐỌC
Eastern Palace [ ဘာသာပြန် ]
Tiểu Thuyết Lịch Sửမေ့လျောခြင်းမြစ်ရေဟာ နှလုံးသားခံစားချက်တွေအားလုံးကို မေ့ပျောက်သွားစေခဲ့ပေမယ့်.... အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာတော့ သူမ ဘယ်လိုရွေးချယ်ရပါ့တော့မလဲ?