ကျွန်မမှတ်မိတယ်။ အဲ့ဒီနေ့က သူစိတ်ပိုင်းဆိုင်ရာမှာ အများကြီးထိခိုက်သွားပြီး အဝေးကြီးတစ်နေရာကိုထွက်သွားလိုက်တာ။ သူကသူ့အမေမရှိတော့တဲ့နောက်ပိုင်း သူ့အဖေနဲ့လည်းမတည့်ဘူး။ များသောအားဖြင့် စကားများကြတာပဲရှိပေမဲ့ အဲ့နေ့ကသူ့အဖေဆီက ရိုက်နှက်တာခံခဲ့ရတယ်လို့ကြားတယ်။ ဒါကို သူ့မောင်နှမတွေက သူတို့ Facebook acc ကနေ သူ့ပုံနဲ့တကွ သူပျောက်သွားတယ် ဆိုပြီးပိုစ့်တင်မှ သွားမေးရင်းသိရတယ်။ သူထွက်သွားတဲ့နေ့က ဖုန်းလည်းထားသွားတယ်။ သူ့အိမ်ကဆင်ထားပေးတဲ့ရတနာတွေလည်းထားသွားတယ်။ သူယူသွားတာ သူ့အဝတ်အစားနည်းနည်း၊ သူ့ဘဏ်စာအုပ်၊ ဦးထုပ်တစ်လုံး၊ Mask တစ်ခုနဲ့ laptop တစ်လုံးပဲလို့သိရတယ်။ သူဘယ်မြို့ကိုထွက်သွားလဲတော့မသိဘူး။ ပင်လယ်နဲ့နီးတဲ့ တနင်္သာရီဘက်မှာ အိမ်တစ်လုံးဝယ်ထားတယ်။ နင့်အသက် 30 ကျ ငါနဲ့လက်ထပ်ပြီးရင် အဲ့မှာသွားနေကြမယ် လို့သူအမြဲပြောဖူးတယ်။ ကြားထဲမှာ ကျွန်မကိုအဲ့အိမ်ခေါ်သွားဖူးတာမျိုးတော့မရှိဘူး။ surprise လေ ဆိုပြီးအစအနောက်သန်တဲ့သူက တကယ်ဝယ်ထားတာလား မဝယ်ထားတာလား နဲ့ ဝေခွဲမရဖြစ်အောင်လည်းပြောတတ်သေးတယ်။ တခါတလေကျပြန်လည်း အဲ့အိမ်က ခြံဝန်းဟာ ငါတို့နှစ်ယောက်စာအတွက်ကျယ်တယ်။ နင်ကြိုက်တဲ့ခွေးတွေမွေး၊ နင်ကြိုက်တဲ့အပင်တွေစိုက်လို့ရတယ်။ ဒီလို သူအမြဲတမ်းကျွန်မကိုပြောတယ်။ ကျွန်မကတော့ ငါကယောင်္ကျားယူမှာ နင့်ကိုမယူဘူး လို့ပြောတိုင်း ကလေးဆန်တဲ့သူက အမြဲတမ်းမျက်နှာပျက်ပြတယ်။ အခုဆို သူသာအနားရှိရင် သူ့အသက်ဟာ ၄၇လောက်ရှိရောပေါ့။ ကျွန်မဟာလည်း၅၀နားနီးပြီလေ။ သူထွက်သွားတာ ဆောင်းတွင်းလယ်ခေါင် အေးလွန်းတဲ့ကာလမှာ ထွက်သွားတာ။ သူလက်မှတ်ဖြတ်သွားလိမ့်မယ်။ ခြေအိတ်လေးလည်းဝတ်သွားလိမ့်မယ်။ သူကြိုက်တဲ့အညိုရောင်ရှူးဖိနပ်လေးလည်းစီးသွားလိမ့်မယ်။ မာဖလာတွေမကြိုက်တဲ့သူက ခေါင်းစွပ်ရတဲ့ဟူဒီအထူကြီးလည်းဝတ်သွားလိမ့်မယ်။ ဒီလိုကျွန်မထင်တယ်။ သူ့မွေးနေ့ပြီး နှစ်ပတ်အကြာမှာ ထွက်သွားတော့ အဲ့ဒီတုန်းကသူ့အသက်ဟာ 25 နှစ်သာသာလေး။ Freelancer လုပ်တဲ့သူက အကုန်လုံးကို လွယ်လင့်တကူစွန့်လွှတ်ခဲ့တယ်။ သူ့မိသားစုကိုစွန့်လွှတ်ခဲ့တယ်။ သူ့အသက် 20 တည်းကလုပ်လာတဲ့ အဲ့ဒီအလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ သူကျွန်မကိုလည်း စွန့်လွှတ်ခဲ့တာဖြစ်လိမ့်မယ်။