Part 10(Unicode)

82 14 2
                                    

"ဘယ်လိုလဲ လင်းနေညို...မင်းစိတ်က အခုထက်ထိ ထူထူထောင်ထောင် ပြန်မဖြစ်သေးဘူးလား။ သွားတဲ့သူလည်း သွားရှာပြီလေ....ကျန်ခဲ့တဲ့သူကလည်း ဆက်ပြီးရှင်သန်ရမှာပေါ့။ မင်းလည်း စာရေးတဲ့ဘက်ကို အာရုံပြန်စိုက်သင့်ပြီ။ စာအုပ်အသစ်မထွက်နိုင်တာ နောက်လဆို လေးနှစ်ပြည့်တော့မယ်နော်။ တစ်နှစ်ပဲ...တစ်နှစ်ပဲထပ်စောင့်ပေးမယ် ငါလည်း အဲ့ထက်တော့ ပိုမစောင့်ပေးနိုင်တော့ဘူး"

ထုတ်ဝေသူထံမှ ရောက်လာတဲ့စာကိုဖတ်ပြီးသည်နှင့် လင်းနေညိုဆီက သက်ပြင်းရှိုက်သံတချို့ထွက်ပေါ်လာသည်။ "စောင့်ပေးတဲ့အချိန်မတိုင်ခင် အသစ်ပေးပါ့မယ်" ဆိုတဲ့အကြောင်း စာပြန်ပို့လိုက်သော်လည်း အရင်တစ်ခါရေးထားတဲ့ စာကြောင်းလေးကလွဲလျှင် စာအသစ်ထပ်မရေးနိုင်တာ သုံးလကျော်ခဲ့ပြီဖြစ်၍ သူ့စကားသူတည်နိုင်ပါ့မလားလည်း လင်းနေညိုမသေချာ။ အရင်လကတင် သူ့စာရေးသက်တမ်းဆယ့်နှစ်နှစ် ပြည့်သွားခဲ့ပြီဖြစ်သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်မှာပင် ဘာမှမတင်ဖြစ်။

လင်းညိုဆိုတဲ့ ကလောင်နာမည်အစမှာကတည်းက အားပေးလာခဲ့ကြတဲ့ စာဖတ်ပရိသတ်အချို့ကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကို tagတွဲပြီး Congratulationsလုပ်ထားကြတာ မြင်လိုက်ရသေးသည်။ သူကိုယ်တိုင်တင်တဲ့ပို့စ် မဟုတ်တာတောင်မှ လူပေါင်းတစ်သိန်းကျော်အထိ တုံ့ပြန်ထားကြသည့်အပြင် လုံးချင်းဝတ္ထုအသစ်ထွက်လာဖို့ပါ မျှော်နေကြသေးတာမို့ ထုတ်ဝေသူကပါ စာအုပ်အသစ်နဲ့ပတ်သက်ပြီး သူ့ကို ဖိအားပေးနေခြင်းဖြစ်သည်။

လင်းနေညိုကိုယ်တိုင်လည်း စာအုပ်မထုတ်ချင်ခဲ့တာတော့မဟုတ်။ သူ့ရဲ့ စာ‌ရေးသက်တမ်း ဆယ့်နှစ်နှစ်တာကာလတစ်လျှောက်မှာ ဆိုရှယ်မီဒီယာပေါ် ရေးတင်ခဲ့တဲ့ ဇာတ်လမ်းပေါင်း သုံးဆယ်ကျော်နေပြီဖြစ်သော်လည်း စာအုပ်အဖြစ် ထုတ်နိုင်ခဲ့တဲ့ လုံးချင်းဝတ္ထုပေါင်းကတော့ ခုနှစ်အုပ်ခန့်သာရှိခဲ့သည်။ အရေအတွက်ထက် အရည်အသွေးကို ပိုဦးစားပေးချင်သူ စာရေးဆရာတစ်ယောက်အနေနဲ့ အလုံးစုံစိတ်တိုင်းကျတဲ့ဇာတ်လမ်းကိုမှ စာအုပ်အဖြစ်မြင်ချင်တဲ့ ကိုယ့်ခံယူချက်ကိုကိုယ် မချိုးဖျက်နိုင်ခဲ့ခြင်းက ထုတ်ဝေသူတွေအမြင်မှာတော့ လာဘ်ပိတ်နေတဲ့ စာရေးဆရာတစ်ယောက်ဟုပင် မြင်သွားခဲ့ပုံရပါသည်။ ရေးပြီးသားတွေထဲက ထုတ်ဝေဖို့ပြောသေးသော်လည်း လင်းနေညိုကတော့ ထိုဇာတ်လမ်းတွေထက် ပိုကောင်းတဲ့ဇာတ်လမ်းတစ်ခုခု ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ရင်း အချိန်ဆွဲလာခဲ့ခြင်းဖြစ်သည်။ ဒီအတောအတွင်းမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေနဲ့ ထပ်မံရင်ဆိုင်လိုက်ရတော့ သူဆွဲထားတဲ့အချိန်တွေက ယခုကဲ့သို့ နှစ်ချီကြာလာခဲ့ခြင်းဖြစ်၏။

LIFE (U/Z)Where stories live. Discover now