extra

1.5K 102 5
                                    


"မေမေ...ဒီမှာ သမီးကို ရေလာပက်နေတယ်"

မနေ့ညနေစောင်းချိန်မှ လက်ပံတန်းရွာကို ပြန်ချင်သည် လိုက်ပို့ပေးပါဟု ပူဆာလွန်းလှသဖြင့် အပူတပြင်း ကားမောင်းပြီးလာခဲ့ရသောကြောင့် ပင်ပန်းနေသော်ငြား မလှိုင်တစ်ယောက် သေချာ မနားရသေး။
နိုးတာနှင့် သမီးအသံစာစာလေးကို ကြားလိုက်ရသည်။

"သမီး မေမေကော ဘယ်သွားလို့လဲ"
"အတာ သူ့ဘကြီးအိမ်က အုန်းဆံသွားယူတယ် သမီးလှိုင်"

အတာ၏မိခင်မှ အပြင်ဖက်ကွပ်ပျစ်ပေါ် ထိုင်ရင်း လှမ်းဖြေ၏။ အညာနွေပူပုံများ မနက်အစောတောင် တံလျပ်တွေတလှိုက်လှိုက်။ ချွေးတို့က ကျောပြင်ဝယ် စိုစိစိ။

သိမ်မွေ့လှိုင်မှာ အဝါနုရောင် ဂါဝန်အပါးလေးဝတ်ဆင်ထားပြီး ခြံဝင်းအပြင်ဖက် ထွက်သွားလေသဖြင့် ကသုတ်ကရုတ်ထကာ အပြင်ဖက်ထွက်လိုက်သည်။ လမ်းမပေါ်တွင် လမ်းသွားလမ်းလာတစ်ချို့နှင့် ရေကစားနေသော ကလေးတသိုက်လည်းရှိ၏။

"သမီးလေး...လာ...ဒီထဲပြန်ဝင်ခဲ့ အပြင်မထွက်ရဘူး"
"မလာချင်ဘူး...သမီးလည်းသူတို့နဲ့ရေကစားချင်တယ် မေမေလှိုင်"
"နေပူလွန်းတယ်...လာပါဦး"

မလှိုင်၏စကားဆိုလျှင် အတာကဲ့သို့ တသွေမတိမ်းနားထောင်တတ်သော သိမ်မွေ့လှိုင်သည် မျက်လွှာလေးချလျှက် ခြံဝင်းထဲသို့ ဖြည်းလေးစွာ ပြန်ဝင်လာ၏။

"သမီးလေးက ရေကစားချင်တယ်ဆိုရင် ခဏကျမှ မေမေလှိုင်နဲ့အတူ ကစားမယ်နော်"
"သမီး ဗိုက်ဆာတယ်"
"ဟင်...အတာက သမီးကိုမနက်စာ မကျွေးရသေးဘူးလား"

ခေါင်းယမ်းပြသဖြင့် မလှိုင်စိတ်တိုသွားရသည်။
ဘယ့်နှယ် သူ့ရပ်ရွာရောက်သည်နှင့် သမီးလေးကိုပါ ဂရုပင်မစိုက်နိုင်လောက်အောင် ဘာတွေများအလုပ်ရှုပ်နေရပါသနည်း။

"ငါလည်း ကျွေးကြည့်ပါသေးတယ်...သမီးလှိုင်ကျွေးမှ စားမယ်ဆိုလို့ ထမင်းပွဲပြင်ပြီး ပြန်အုပ်ထားရတယ်"
"ဟုတ်...မျက်နှာသစ်ပြီး ကျွေးလိုက်ပါ့မယ်"

လာနှင့်ပါစေဦး...ဒီအတာတော့...

မလှိုင်တို့ မနက်စာစားပြီး သမီးလေးနှင့်အတူ ကလေးတသိုက်ဖြင့် ရေဆော့နေချိန်တွင် ပုဆိုးပိုင်းထုပ်လေး ခေါင်းပေါ်တင်လျှက် အတာတစ်ယောက်အမောတကော ပြန်ရောက်လာသည်။

"ကလေးကို ဘယ်လိုလုပ်ရေပေးဆော့နေရတာလဲ အစ်မလှိုင်"

အယ်...ကလေးကိုပစ်ပြီး ရွာရိုးလျှောက်နေသူက တပြန်ကြီးပြန်ဟောက်စား

"ဟို သမီးလေးက ရေကစားချင်တယ်ဆိုတာနဲ့ပဲ အစ်မက..."

သားအမိနှစ်ယောက်စလုံး မျက်လုံးကိုယ်စီဝိုင်းစက်လျှက် အတာ့ကိုသာ အသနားခံသောအကြည့်တို့ဖြင့် ကြည့်နေကြသည်။ သမီးလေးမှာ ရေဖလားလေးအားလက်တစ်ဖက်ဖြင့် ပိုက်ပြီး လက်တစ်ဖက်တော့ဖြင့် မလှိုင်၏ထမီစလေးကို အားကိုးတကြီးဆွဲထားလေသည်။

"မလိုချင်ဘူး...စိုရွှဲနေတာပဲ ကြည့်စမ်း...ခုမှအကြိုနေ့ရှိသေးတယ်...အိမ်ထဲဝင်ပြီး အဝတ်စားလဲလိုက်တော့...သွား နှစ်ယောက်စလုံး"
"အင်း...အင်းပါ...လာ သမီးလေး"

သမီးလေးလက်ကလေးဆွဲပြီး အိမ်တွင်းသို့ သုတ်သုတ်ဝင်သွားလေပြီ။ အတာသည် ကွပ်ပျစ်ပေါ်သို့ပုဆိုးထုပ်ကလေးချပြီး လူပါထိုင်ကာ

"စုံပြီလား အမေ...စည်းလိုက်တော့မယ်နော်"
"နားဦး...သမီးလှိုင်က နိုးလာတည်းက ညည်းကိုမတွေ့လို့ စိတ်မကြည်ဖြစ်နေတယ်ထင်တယ်...သွားချော့လိုက်ဦး"
"နေပါစေ...ကလေးကိုရေတွေပေးဆော့တဲ့အပြင် သူပါမကြီးမငယ်နဲ့ လမ်းသွားလမ်းလာတွေကို ရေလိုက်လောင်းနေတာ...အမြင်ကိုမတော်ဘူး"

အပြင်ဖက်တွင် ယောက္ခမဖြစ်သူနှင့် စကားပြောရင်း အရိုးအရွက်ပန်းခက်များကို စည်းနှောင်နေသော အတာအား အိမ်တွင်းပြတင်းမှ လှမ်းကြည့်ရင်း

"သမီးအမေက ဒီကို လာတယ်ဆိုတာ အလကားမဟုတ်ဘူး..."
"ဟင်...မေမေက ဘာလာလုပ်တာလဲ အလည်ဆို"
"လျှောက်ပြောပြီး ညာခေါ်တာ...သင်္ကြန်ပန်းဆိုပြီး ရွာရိုးပတ်လျှောက်ပြီး ရောင်းချင်လို့ ဒီရက်ကိုအမှီပို့ခိုင်းနေတာ..."

ဒင်းတော့လား...။

အရင်တစ်ချိန်က ဆံရစ်ဝိုင်းလေးနှင့် ပါးကွက်ကြားလေးလူးပြီး ထမီတိုတိုဝတ်တာ ခြေတိုအောင် ရွာရိုးလျှောက်ပြီး သင်္ကြန်ကြိုပန်းလိုက်ရောင်းနေသော မြီးကောင်ပေါက်အရွယ် အတာဦးအား ပြန်မြင်ယောင်ရင်း....။

ဤသို့ အစပြုခဲ့သည်Where stories live. Discover now