ခွန်းမျက်လုံးတွေ ပွင့်လာတော့ အနားမှာစကားပြောသံအချို့ကိုကြားနေရသည်။
"အဲ့...အဲ့.."
"အိုး သားသားလေး ချစ်ဖို့ကောင်းလိုက်တာအမလေး။ ဝါဂွမ်းပုံလေးအတိုင်းပဲ ဖွေးစွပ်နေတာပဲ။"
မေမေကြီးက သဲသဲလှုပ်အသံကိုဆာနေသည်။ခွန်း ကလေးလေးကို ကြည့်လိုက်တော့ ရင်ထဲ ဘယ်လိုကြီးမှန်းမသိ။
*ဒါငါ့ဗိုက်ထဲကထွက်လာတဲ့ အကောင်ပေါက်လေးလား။ ချစ်စရာကောင်းလိုက်တာ။*
မာန်ကိုလှမ်းကြည့်တော့ မာန့်မျက်လုံးတွေကရဲတွတ်ပြီး ငိုထားသယောင်ဖြစ်နေသည်။
*မာန် ငိုနေတာလား။ ဘာဖြစ်လို့လဲ*
ထိုစဉ်မာန်နှင့်ခွန်းအကြည့်ချင်းဆုံသွားရာ
"ခွန်း...သတိရပြီလား။"
ခွန်းနိုးလာတော့ မေမေကြီးနှင့်ဧည်သည်တစ်ချို့က အပြင်ထွက်သွားကြသည်။ မေမေကြီးနှင့်ပါလာသည့် အမျိုးသမီးက ကလေးကိုပါချီသွားတော့ ခွန်းခေါင်းလေးမော့ပြီးလိုက်ကြည့်ရာ
"အဲ့တာကိုယ့်မေမေ...ဒေါ်ထာဝရ။ "
အမေဆိုတော့မှ ခွန်းစိတ်ချသွားဟန် ပြန်ငြိမ်လိုက်သည်။ ရတီကလည်း ထွက်သွားမယ်လုပ်ရင်း
"ကလေးက မွေးပြီးပေးခဲ့ရမှာပဲမဟုတ်လား။ဘာတွေစိတ်မချဖြစ်နေတာလဲ။"
"ရတီ...!"
မာန်ကဟန့်လိုက်တော့ ရတီမျက်စောင်းထိုးကာ လှည့်ထွက်သွားသည်။
"ကျေးဇူးတင်ပါတယ်။"
မာန်အပြောကြောင့် ခွန်းကမျက်လုံးချင်းဆုံကြည့်လာ၏။
"ကိုယ့်ကလေးလေးကို ကျန်းကျန်းမာမာမွေးဖွားပေးခဲ့လို့ ကျေးဇူးတင်တယ်။ ပြီးတော့ ကလေးက.."
မာန်ကရယ်လျှက်ပြောသည်။ မာန်ရယ်လိုက်လျှင် ညီညာနေသည့်သွားတို့က ပေါ်လာပြီးအရမ်းကြည့်ကောင်းသည်။ မာန်ကဆက်ပြောသည်။
"ကလေးဆံပင်နဲ့ မျက်လုံးကမင်းနဲ့တူနေတယ်။ ဆံပင်ကွေးကွေးနဲ့ မျက်လုံးအပြာတွေ..."
"အကုန်လုံး ခင်ဗျားနဲ့တူစေချင်ရင် အစတည်းကဖန်ပြွန်နဲ့စိတ်ကြိုက်ဖန်တီးပါလား။"