ဖတ်လို့မကောင်းတဲ့ ကဗျာ

57 2 0
                                    

ဖတ်လို့မကောင်းတဲ့ ကဗျာ
*****************

ကဗျာဟုတ်သည်ဖြစ်စေ၊မဟုတ်သည် ဖြစ်စေ
ဒါကဗျာဖြစ်ကြောင်း ကျိန်ဆိုပြောမယ်။

ခင်ဗျားမြင်နေကျ ကဗျာတွေလိုဒီကဗျာထဲမှာ
နူညံပျော့ဖတ်နေတဲ့ အချစ်စကားလုံးတွေ မပါဘူး။

ပုံစံမကျတဲ့ နိုင်ငံရေးစကားလုံးတွေမပါဘူး။

ဒါပေမယ့်...ဒါဟာ..
ကျွန်တော်ရဲ့ကဗျာဖြစ်တယ်။

ဒီကဗျာထဲမှာ မိဘကိုချီးကျူးဖွဲ့ဆိုတဲ့
စကားလုံးတွေလည်းမရှိဘူး။

တွေးတွေးပြီး ရယ်နေပြုံးနေရမယ့်
စကားလုံးလည်းမရှိသလို
ထိုင်ရှိခိုးဦးချချင်စိတ်ပေါ်က်အောင်
ရိုသေရမယ့်
စကားလုံးလည်းမရှိဘူး။

ဒီကဗျာထဲမှာ စစ်ပွဲကိုမုန်းတီးဆန့်ကျင်တဲ့
စကားလုံးလည်းမရှိသလို
ငတ်မွတ်မူတွေကို ကူညီဖို့
အားပေးထောက်ခံတဲ့
စကားလုံးလည်းမရှိပြန်ပါဘူး။

ဘာအနှစ်သာရမှကို မရှိ။

ဒါပေမယ့်...ဒါဟာ
ကဗျာတစ်ပုဒ်ဖြစ်တယ်။

ဒီကဗျာဟာ
ကဗျာ ဖြစ်ချင်ရုံသက်သက်
ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တယ်။

ကဗျာလို့
ကိုယ်ဟာကိုယ် ခေါ်င်းစဉ်တပ်ပြီး
ဘယ်သူမှ မဖတ်ချင်လောက်အောင်
ရေးလိုက်တဲ့ ကဗျာပဲဖြစ်တယ်။

ဒီကဗျာထဲမှာ
ကဗျာဆရာကြီးတွေရဲ့
အဆ၊ိုဝါဒတွေနဲ့
ဘာညာ သာရကာတွေမပါဘူး။

ဒီကဗျာထဲမှာ တမင်တကာကြီးထည့်သုံးထားတဲ့
ဘာသာစကားအသစ် တစ်လုံးတစ်လေမှ မပါဘူး။

ဒီကဗျာထဲမှာ
ကာရံတွေ ၊နဘေတွေ၊တေးထပ်တွေ
ငိုချင်းတွေ၊အဲချင်းတွေကို တုပတဲ့
စကားလုံးတို့မပါဘူး။

ဒီကဗျာထဲမှာ
တောအကြောင်းကိုလည်း မဖွဲ့ထားဘူး။
မြို့အကြောင်းကိုလည်း မဖွဲ့ထားဘူး။

ဒါပေမယ့်...ဒါဟာ
ကဗျာဖြစ်တယ်...။

ခင်ဗျား..ယုံချင်ယုံ၊မယုံချင်နေ
ဒါဟာ...ကဗျာဖြစ်တယ်။

ဒါကဗျာဖြစ်ကြောင်းကို..
ကျွန်တော် ဒီကဗျာရေးပြီး
သက်သေပြလိုက်တယ်။

Jan12.2017
Minsetwai

စတုဂံလွင်ပြင်Where stories live. Discover now