Part 7 (U+Z)
13.5K 1.3K 22
(အခန်း ၇)
ကျွန်တော် မှတ်မိနေပြီလား...အဖြေသည် မသေချာပါ။ မြူးသစ်ပိုင်က...နင် ပြန်မှတ်မိနေပြီလားဆိုမှ ကိုယ့်ကိုယ်ကိုယ်ပင် အံသြရသည်။ အဖြေဆိုတာကို အတင်းကာရောဆွဲထုတ်နေမည့်အစား တဖြည်းဖြည်းသည်းခံစောင့်နေတာက အကျိုးတော့ရှိသား။
"ဟမ်..ငါပြောတာကအမှန်တွေလား။"
မြူးသစ်ပိုင်ခမျာ ပျော်လွန်းလို့မျက်ရည်စတွေနဲ့ နေသစ်ပိုင်ကတော့ ပြုံးကြည့်နေသည်။မေပိုင်၏လက်နှစ်ဖက်သည် ကျွန်တော်ရဲ့လက်နှစ်ဖက်ကို နွေးထွေးအောင် ဆုပ်ကိုင်ပေးသည်။
"မှန်တာပေါ့..သားရယ်၊သားတို့ငယ်ငယ်က သားကိုအရင်ထမင်းခွံ့ပေးခဲ့ရတာ..သား အစ်မက ထွေး..ထွေးထုတ်လို့လေ..."
ကျွန်တော် ပြုံးမိသည်။မကြာခင်မှာ အတိတ်ကိုသိနိုင်တော့မယ်။ အခုတော့...စိတ်ထဲမှာ အပေါ်ထပ်ကို တက်သွားချင်သည်။ အရမ်းရင်းနှီးစွာ ဆွဲခေါ်နေသလိုပဲ။
"နေထိပိုင် အခန်းရောဟင်။"
ဟင်!ဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
"ဘာလဲ...အခန်းမရှိတော့တာလား။"
ကိုယ်ကရွဲ့မေးတာကိုပဲ သူတို့ကခေါင်းကိုအဆက်မပြတ်ညိတ်ရင်း အရှေ့က
ကားဆီးကာဆီးတွေလုပ်နေကြသည်။
လှေကားထစ်များကို အမြန်ပင်ကျော်ခဲ့သည်။အပေါ်ထပ်ရောက်တော့ လှေကားဘယ်ဘက်ကအခန်းထဲ ဖွင့်ဝင်လိုက်သည်။ပွင့်သွားသောအခန်းထဲတွင် စာအုပ် စာရွက်တွေက ပြန့်ကျဲလျက်။ အဝတ်အစားတွေကလည်း တိုးလို့တွဲလောင်း။
ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံကလည်း နေရာအနှံ့ရှိနေသည်။ ခုတင်ပေါ်ကခေါင်းအုံးအောက်ကျနေတာကိုပင် ကောက်မတင်ထား..။
"ဒါ....နေသစ် အခန်းဟ။"
မြူးသစ်မှာ အမြင်မတော်သည်များကို ဟိုဟိုဒီဒီကောက်တင်ရင်း ကျွန်တော့်ကိုလှည့်ပြောသည်။
"နေထိပိုင် အခန်းကရော.."
"ဒီအခန်းပဲဗျ...အရင်က နှစ်ယောက်နေတာ။" ဟူ၍ နေသစ်ပိုင်ကအခန်းထဲဝင်လာရင်းပြောသည်။
"သူ့ပစ္စည်းတွေရော။"
"ဘယ်သူက မရှိတော့တဲ့လူရဲ့ပစ္စည်းတွေကို လိုက်သိမ်းနေမှာလဲ ။ အကုန်ရှင်းပစ်လိုက်ပြီ။"
မြူးသစ်လည်း စိတ်မရှည်တာကြောင့် ဘုတောလာပြီဖြစ်သည်။အခုမှအသည်းအသန် ဘာတွေဖြစ်နေတာပါလိမ့်။ပြန်စဉ်းစားပါလားလို့ ပြောခဲ့တုန်းကတော့ မလိုအပ်သလိုနေတဲ့လူက..။
"နင်က အတိတ်မေ့နေတာဆိုတော့ လူတွေရဲ့ မျက်နှာကို သေချာကြည့် လူဆိုးလူကောင်း ကိုယ့်ဘာသာခွဲခြားရမှာ။ ပြီးတော့ နင်မမေ့ရမယ့်သူရှိတယ်ဟ...နင်တစ်ယောက်ကိုပဲ မျှော်နေတဲ့သူ.."
"အတိတ်ဆိုတာ အတိတ်ပါပဲ မြူးသစ်ရာ..ပြန်သိတော့ရော ဘာလုပ်နိုင်မှာလဲ.. ပြီးပြီးသားတွေကို။''တဲ့..မြူးသစ် သေချာမှတ်မိနေတုန်းပဲ ။
ဟိုးတုန်းကငါ့စကားကိုအရေးမပါသလိုပြောနေခဲ့တာ နင်မှဟုတ်ရဲ့လား။
အဲ့ဒါကြောင့် နင့်နဲ့မတွေ့ချင်ခဲ့တာ။
"ဟာ...ဒီမှာတွေ့ပြီ။"
သူ တက်တက်ကြွကြွနှင့် အော်ပြောလိုက်သည်။ထိုတော့မှ မြူးသစ်ပိုင် တွေးတောနေရာမှ အလန့်တကြား လှည့်ကြည့်သည်။
"ဘာတွေ့တာလဲ။" ဟုပြောရင်း နေသစ်ပိုင် စပ်စုစိန်လုပ်ပါတော့သည်။
"ဒါလေ.."
အဝတ်ထည့်ဗီဒိုရဲ့ အောက်ဆုံးအကန့်ရှိ နေသစ်ပုဆိုးများအောက် ပြားပြား၀ပ်နေသောရှပ်အင်္ကျီတစ်ထည်။ ပြန့်နေအောင် အချိုးကျခေါက်ထားသော အင်္ကျီအပြာကွက်စိပ်လေး၏ ရင်ဘတ်နေရာ၌ပါသော အိပ်ကပ်ထဲမှ အဖြူရောင်စာရွက်လေးက လက်ကမ်းကြိုနေသည်ပင် ထင်မိသည်။ နေသစ်ကိုယ်တိုင်ပင် ထိုအင်္ကျီကိုမသိသော်လည်း"ကျွန်တော့်အင်္ကျီကို ဘာလုပ်မလို့လဲ.." ဟူ၍မေးလိုက်သည်။
"ဒါ အစ်ကို့အင်္ကျီပါ နေသစ်ရ။"
နေသစ် ဆက်ငြင်းရန် မစွမ်းနိုင်။တကယ်လည်း နေသစ်မသိသောပစ္စည်း။ မြူးသစ်ကတော့ သူဘာလုပ်မလဲကိုသာ ထိုင်ကြည့်နေလိုက်တော့သည်။
အင်္ကျီမှ စပျစ်ရနံ့ ခပ်သင်းသင်းထွက်နေသည်။ရနံ့ကအချိန်ကြာနေတာကြောင့် သိပ်ပင်အနံ့မရ ။ တစ်ချက်တစ်ချက်မှ မွှေးသည်။စာရွက်လေးသည် ဖြူစွတ်ဖွေးမနေသော်လည်း မတို့မထိထားသော အကောင်းအတိုင်းပင်။
မရဲတရဲဖွင့်ဖတ်လိုက်မိပြီး..မိုးတိုးမတ်တတ်ဖြင့် လောကကြီးနှင့်အဆက်အသွယ်ပြတ်သကဲ့သို့ ..စီးကျလာသည့်မျက်ရည်များသည် မုန်းစရာကောင်းတာအမှန်ပင်။
နေသစ်ပိုင် စာရွက်ကိုလှမ်းဆွဲယူသည်။ ဖတ်သည် ။ ပြီးနောက် အခန်းထဲမှထွက်ခွာရန် ခြေလှမ်းစ,သည်။
"ကိုနေ့ပစ္စည်းတွေက အန်တီချယ်လာယူသွားတယ်။"
စကားဆုံးသောအခါအခန်းထဲတွင် နေသစ်ရှိမနေတော့။ မြူးသစ်လည်းနေသစ်နောက်သို့ထလိုက်သွားသည်။ အခန်းလေးက ပိတ်လှောင်သလိုခံစားရသည်။ကျွန်တော်အပြင်ကို ပြေးထွက်ချင်မိသည်။လွင်ပြင်တစ်နေရာဆီ အရောက်သွားကာ အကြိုက်အော်ဟစ်ပစ်လိုက်ချင်သည်။
အခန်းထဲမှနေ ဘယ်လိုထွက်လာမှန်းမသိ။ လှေကားထစ်များကို ဘယ်လိုကျော်ဖြတ်ခဲ့သည်မသိ ။ အိမ်ထဲရှိလူတွေကိုဘာပြောပြီး ဘယ်လိုကျန်ခဲ့တယ်ဆိုတာလည်း မသိတော့။ကျွန်တော့်အသိမှာ လက်ထဲကစာရွက်လောက် ဘာမှအရေးမကြီးတော့ပါ။
ယခု...သွားတွေ့ရမည့် လူနှစ်ဦးရှိသည်။