♬♪♬ | 비처럼 음악처럼

6.6K 403 2
                                    

♬ LIKE RAIN LIKE MUSIC ♬

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

LIKE RAIN LIKE MUSIC

"ငါ့ကို ဂစ်တာတီးပြ"

ရေချိုးခန်းထဲက ထွက်ထွက်ချင်း အဝတ်အစားလဲပြီး ဘေးနားရောက်လာတဲ့ သူ့ဆီကနေ vanilla နံ့တွေ သင်းဝေနေတယ်။ စိုရွှဲနေတဲ့ဆံပင်ကိုတောင် မသုတ်သေးဘဲ ဂစ်တာကို ဖြုတ်ယူလာတဲ့သူက တာဝန်ကျေရုံ မျက်နှာသုတ်ပဝါအပြာဖျော့ဖျော့ကို ပခုံးပေါ် ပစ်တင်ပစ်ရင်း ဂစ်တာကို လှမ်းပေးရဲ့။ ကျွန်တော့်လက်ဖျားတွေကို ဆုပ်ကိုင်လို့ နံရံပေါ်ကဂစ်တာကိုငေးရင်း တီးတတ်လားလို့ မေးတာတောင် ဆယ့်ငါးမိနစ်မပြည့်တတ်သေး။

"ဆံပင်တွေ ရေသုတ်လိုက်ဦး။ ဖျားမယ်"

သူ့အလိုကျ ဂစ်တာကို ပေါင်ပေါ်တင်ပြီး ကြိုးညှိနေတုန်းမှာပဲ သူက ဆံပင်ကို သုံးလေးချက်သုတ်လို့ ကြမ်းပြင်ပေါ် ပစ်လှဲချလိုက်တယ်။

"ဒီနေ့နားထောင်ချင်တာနော်"

"လျှာမရှည်စမ်းနဲ့"

လက်မောင်းကို ခေါင်းအုံးလုပ်အိပ်နေတဲ့သူက ထုံးစံအတိုင်း အသံကျယ်နဲ့ အော်ရယ်တယ်။ အခန်းတစ်ခန်းလုံးကို လင်းထိန်သွားစေတဲ့ အပြုံးမျိုးကို သူတစ်ယောက်တည်း ပြုံးမှပြုံးတတ်လေရဲ့။ ကျွန်တော် ကြိုးအသံညှိပြီးတဲ့နောက် တီးနေကျ သီချင်းတစ်ပုဒ်ကို အလိုလို ညည်းမိလျက်သား။ သူသိပ်ကြိုက်တဲ့သီချင်း။ ကျွန်တော့်အသံ ခပ်ဩဩနဲ့ မလိုက်ဖက်ပေမဲ့လို့ သူ့ရဲ့ သကာရည်လို အသံနဲ့ လိုက်ဖက်လွန်းတဲ့သီချင်း။ ခါတိုင်းဆို "ဘာသံနဲ့ ဆိုနေတာလဲ" ဆိုပြီး သံသေးသံကြောင်နဲ့လုပ်ပြောလို့ ငေါက်တတ်တဲ့သူက အခုတော့ အသံတစ်စက်မှ မထွက်ဘဲ ကျွန်တော့်ကို မမှိတ်မသုန် ငေးစိုက်ကြည့်နေခဲ့တာရော်....

"မင်းထွက်သွားခဲ့တဲ့ အဲ့ဒီညမှာလည်း ဒီအတိုင်းပဲ မိုးတွေရွာနေခဲ့တယ်..."

ကျွန်တော် သူ့ဆီက မျက်နှာလွှဲရုံမက မျက်လုံးတွေပါ မှိတ်ပစ်လိုက်တယ်။ ရေချိုးဆပ်ပြာရည်ကလည်း မဟုတ်၊ ခေါင်းလျှော်ရည်ကလည်း မဟုတ်တဲ့ သူ့ဆီက အနံ့မွှေးမွှေးတစ်ခုကို ကျွန်တော်ရတယ်။ မိုးဖွဲတွေကျတိုင်း ရတတ်တဲ့ မြေသင်းနံ့လိုမျိုး... နှာခေါင်းထဲ တိုးဝင်လာတိုင်း အိမ်ပြန်ရောက်သွားသလို ခံစားစေရမဲ့ ကိုကိုးဖျော်ရည်လို အနံ့မျိုး။ ကျွန်တော် သတိဝင်လာလို့ မျက်လုံးပြန်ဖွင့်တော့ သူက မျက်လုံးတွေမှိတ်လို့ အိပ်ပျော်နေခဲ့ပြီ။ သူအိပ်ပျော်ရင် အသံစူးစူးချိုချိုတွေ ထွက်တဲ့ နှုတ်ခမ်းအစုံက စေ့စေ့မပိတ်ဘဲ ပွင့်ဟနေတတ်တယ်လေ။

သားချော့တေးတစ်ပုဒ် ထပ်ဆိုမလို့ပေမဲ့ ရုတ်တရက် ရွာလာတဲ့ မိုးသံတွေကြောင့် ဖိကိုင်ထားတဲ့ကြိုးတွေကို ကျွန်တော်လွှတ်လိုက်တယ်။ နောက်တော့ သူ့ဘေးက ကြမ်းပြင်ပေါ်မှာပဲ ကျွန်တော် လှဲချပစ်လိုက်ရဲ့။ မျက်နှာကြက မီးတွေဝေဝါးလာတဲ့ခဏ ကျွန်တော် သူ့ကို လှမ်းကြည့်ဖြစ်တယ်။ အိပ်ချင်မူးတူးနဲ့ ပြုံးဖြစ်သေးလားတော့ ကိုယ်တိုင်လည်း မမှတ်မိတော့ပါဘူး။ ဒီလိုနဲ့ မိုးရွာနေတဲ့ ညတစ်ညမှာ သူရယ်၊ ကျွန်တော်ရယ်ဟာ ဂစ်တာတစ်လုံးကို အလယ်ထားပြီး ကဗျာမဆန်ဘာမဆန် ကြမ်းခင်းပေါ် အိပ်ခဲ့ကြတာပေါ့လေ.......

LIKE RAIN LIKE MUSIC




NOTE
ဒီတစ်အုပ်က drabbles တွေကို ပေါင်းရေးမှာပါ။ Drabbles ပီပီ အကုန်လုံးက တိုနေမှာ ဖြစ်ပြီး တစ်ခုနဲ့တစ်ခု၊ တစ်ပိုင်းနဲ့တစ်ပိုင်း အဆက်အစပ်ရှိချင်မှ ရှိပါလိမ့်မယ်။

Enjoy.
#Helen xx

Ephemeral || ChanBaek Drabbles Where stories live. Discover now