ပြန်လမ်းမရှိပစ္စုပ္ပန်မှာနေထိုင်ခြင်း

22 3 0
                                    


ပြန်လမ်းမရှိပစ္စုပ္ပန်မှာနေထိုင်ခြင်း
**********************

အစာမကျေတာလား
အဆာမပြေတာလား
ဝေခွဲမရမယ့်အတူတူ
စားမြုံ့မပြန်တာအကောင်းဆုံးပဲ...

ရက်စက်တယ်
စွပ်စွဲရအောင်လည်း
ပြက္ခဒိန်ကမရှိပြန်ဘူး

မှောက်မအိပ်တတ်တော့
ရင်နာစရာအကြောင်းလည်း
မရှိဘူးပေါ့....

ဖန်နဲ့တည်ဆောက်ထားတာမျိုးမှ
မဟုတ်တာ
ကြေကွဲစရာ
လုံးလုံးမရှိ....

ပင်လယ်ပျော်
မုတ်ကောင်မှမဟုတ်တာ
ငိုတိုင်းပုလဲမဖြစ်...

အဆွေးသီချင်းဆို
နောက်တစ်ပုဒ်ကျော်တယ်
သတိလက်လွတ်
သီချင်းညည်းဖြစ်မယ်ဆိုရင်တောင်
ကမ္ဘာမကျေပဲဖြစ်မှာပါ
အလွမ်းကဗျာတော့
သွား. ..
အငြိမ်းစားပေးလိုက်ပြီ...

ဟာတာတာ
ဒီရင်ဘတ်က
ကျင့်သားမရတော့
အနေခက်ရုံလေးပါပဲ
ခနဲ့ပြုံးနဲ့တော့
တစ်ချက်တစ်ချက်
အားပါပါပြုံးတတ်နေပြီ..

နေတတ်မယ်ဆို
အနေမခက်ပါဘူး
သက်ပြင်းတစ်ချက်အထုတ်မှာ
အတိတ်တွေ
တစ်ရွက်ပြီးတစ်ရွက်ပါပါသွားတာ
အတိတ်တွေပါးပါးလေးပဲကျန်တော့တယ်..

ကောင်းတယ်...
အစာမကျေတာလည်းမဟုတ်ဘူး
အဆာမပြေတာလည်းမဟုတ်ဘူး
အတိတ်ကို
ဘုရင့်နောင်ဖောင်ဖျက်သလို
တိကနဲဖျက်ခဲ့ရုံလေးသာ....

Snow Hninn
23 Feb 2017
8:10pm

စတုဂံလွင်ပြင်Where stories live. Discover now