Wings Of A Moth (Zawgyi)

1.5K 161 14
                                    


မန္တလေး - ရန်ကုန် ခရီးသည်တင် ဘတ်စ် ပေါ်သို့ သူ လှမ်းတက်လိုက်သည်နှင့် ကားပေါ်မှ ခရီးသည် အားလုံးနီးပါး၏ အကြည့်များက သူ့ထံ ရောက်ရှိလာကြသည်။

စူးစမ်းသည့် အကြည့်တွေ..

လှောင်ရယ်လိုသော အကြည့်တွေ...

လုပ်စရာမရှိ ပျင်းလွန်းလို့ လိုက်ကြည့်သော အကြည့်တွေ....

သူ ထိုင်ရမည့် ခုံဆီ ဖြည်းဖြည်း လျှောက်သွားသည့် လမ်းတစ်လျှောက်လုံး ခေါင်းလည်ထွက်သွားမတတ် လိုက်ကြည့်ကြသော အကြည့်များက ကပ်ပါလာသည်။

သူက သက်ပြင်းချရင်း ထို အကြည့်များကို မသိဟန်ဆောင် လိုက်သည်။  နှစ်လက်မခန့်မြင့်သော ဒေါက်မြင့်ဖိနပ် ကြောင့် ယိုင်မလိုလို ဖြစ်နေသည့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းဖို့က ပိုအရေးကြီးနေသည် မဟုတ်လား.. ဒီကြားထဲ မနက်ကမှ ထုတ်ဝတ်လာသော ကချင်ထည် ပတ်ထမီအသစ် က တုတ်နေသေးသည်။

သူ ဒီ အကြည့်တွေ လောက်ကတော့ ရိုးအီနေပြီ ဖြစ်နေသည်။

အဝေးပြေး ကားကို စုန်ဆန် စီးတိုင်း ခံရမြဲ ဖြစ်သော ဒီ အကြည့်တွေကိုလည်း ရိုးအီနေပြီ...

Youth Forum တွေ.. ငြိမ်းချမ်းရေး စကားဝိုင်းတွေ.. သွားတိုင်း ကြည့်ခံရမြဲ ဖြစ်သော ထို အကြည့်တွေကို လည်း ရိုးအီနေပြီ...

အနှစ် နှစ်ဆယ်လုံးလုံး သူ ထမီ ဝတ်တိုင်း.. သူ မိတ်ကပ်လိမ်းတိုင်း..  ဒေါက်မြင့် ဖိနပ်စီးတိုင်း.. ကြည့်ခံရသော အကြည့်များကို သူတကယ်ပဲ ရိုးအီနေပြီ ဖြစ်သည်။

သူ့ပတ်ဝန်းကျင်က ဒီလူတွေကသာ အခုထိ မရိုးနိုင် မအီနိုင်  အထူးတဆန်း လိုက်ကြည့်နေရသည့် အကြောင်းအရင်းကို သူ နားမလည်နိုင်ပါချေ...

"အမှန်တော့ ကိုယ်တွေကြောင့်ပါပဲ.." သူ ပန်းဆီရောင် ခြုံထည်ကို ထုတ်ခြုံရင်း ခါးသက်သက်တွေးလိုက်သည်။ ပြည်သူလူထု ကို သူတို့ ဘဝတွေ အကြောင်း စာနာနားလည်ပေးနိုင်ဖို့ နှိုးဆော်ရမည်မှာ သူတို့ LGBT တက်ကြွ လှုပ်ရှားသူတွေရဲ့ အလုပ်ပင် မဟုတ်လား.. သူတို့ ကြိုးစားမှု မလုံလောက်သေးတာပဲ ဖြစ်လိမ့်မည်..

Wings Of A MothWhere stories live. Discover now