ငယ်ငယ်တည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီး အရွယ်ရောက်သောအခါ ကိုယ့်ဘာသာ လုပ်ကိုင်ရှာဖွေစားသောက်နေရသော သူမအတွက် ဘဝကို အထီးကျန်စွာ ဖြတ်သန်းကြီးပြင်းခဲ့သည်။ အချစ်ဆိုတာကလည်း စိတ်ကူးယဉ်မျှသာ ဖြစ်ခဲ့သည်။ အထီးကျန်တယ် ဆိုတာကလည်း အပေါ်ယံသာ ကြည့်တတ်မြင်တတ် ပေါင်းတတ်သော လူများကို ရှောင်ဖယ်ရင်း ဖြစ်လာခဲ့သော စကားလုံးဟု သူမထင်သည်။ သို့သော် သူမပေါင်သင်းဆက်ဆံရေး ညံ့ဖျင်းတာမျိုးတော့ မဟုတ်ပါ။ သူများလက်အောက်၌ လခစားအဖြစ် အလုပ်လုပ်နေရ၍ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလျှင် သူမအတွက် ထမင်းငတ်ရန်သာရှိသည်။ ထို့ပြင် သူမရဲ့ ညီမလေး နှစ်ယောက်ကြောင့်သာလျှင် ဒီရှုပ်ထွေးခက်ထန်လှသော ဘဝရှည်ရှည်ကို ဆက်ခဲ့သည်ဟုဆိုလျှင် ပြည့်စုံလေမလား။ မိုး နှင့် ဆောင်း ဟူသော ညီမလေးနှစ်ယောက်ကို သူမဂေဟာမှ ကိုယ်ပိုင်အလုပ်နှင့် ဂေဟာမှ ထွက်ကာစကတည်းက မွေးစားခဲ့သည်။ အပျိုလေးဖြစ်သော သူမကို ချိန်ရွယ်ချင်သူတွေ ရှိသော်လည်း ကလေးနှစ်ယောက်နှင့်မို့ မည်သူကမျှ လက်တွေ့အကောင်အထည် မဖော်ရဲကြပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမနှင့်ဘဝတူ ထိုညီမလေးနှစ်ယောက်အတွက် သူမရုန်းကန်ချင်သေးသည်။ သူတို့လေးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အရွယ်ရောက်လျှင်တော့ သူမအတွက် အရာရာ ပြည့်စုံပာပြီ။ မွေးစားထားတာဆိုပေမဲ့လည်း မိုးရောဆောင်းပါ သူမအပေါ် အလွန်သိတတ်သည်။ သူမကို ကြောက်ချစ်ရိုသေကြသည်။ ထို့ကြောင့်ပင် သူမက အရာအားလုံးကို ထိုကလေးနှစ်ယောက်အတွက် မေ့ထားနိုင်ခြင်းဖြစ်သည်။
"မိုးရေ ဆောင်းရေ ထမင်းချိုင့်တွေ လာယူဟေ့ အဆင်သင့်ဖြစ်ရင် သွားကြမယ်"
မိုးကတော့ ဒီနှစ်ဆို၁၀တန်း ဆောင်းကတော့ ၅တန်း သူမတို့မိဘများ ဆုံးပါးသွားစဉ်ကတည်းက အိမ်နီးချင်းဖြစ်သော သူမက မွေးစားခဲ့သည်။
"မကြီး ဒီနေ့အပြန်ကျရင် ဆရာမလိုက်လာလိမ့်မယ်နော် သိလား"
"အင်းပါ "
သူမက ပုံမှန်ဆို မိုးနှင့်ဆောင်းအား ကျူရှင်ထားပေးလေ့မရှိ။ မိုးက စာလည်း ကြိုးစားလေတော့ ကျောင်းက ဆရာမလေးတစ်ယောက်က စေတနာဖြင့် ကျူရှင်ပြပေးမည်ဆိုလေသည်။
သူမတို့နှစ်ယောက်အား ကျောင်းပို့ပြီးနောက် သူမလည်း သူအလုပ်လုပ်ရာ ရုံးသို့ ထွက်လာခဲ့တော့သည်။