အခန်း (၅)/ က

9.9K 1.2K 47
                                    

Zawgyi Ver:

ရန်အိမ်တော် အပြင်ဘက်မှာတော့ ညကင်းသမားများ ဝါးလုံးတိုနှစ်ချောင်း ရိုက်ခတ်သံပေးနေကြသည်။

ဖေကျင်းလည်း ဝါးလုံးခေါက်သံကြောင့် နိုးလာတော့သည်။ ညကင်းသမားများက နွားနာရီ (မနက်အစော ၁ နာရီမှ ၃ နာရီအတွင်း)ဖြစ်ကြောင်း အချက်ပြသည်ကို ကြားရခြင်းဖြစ်သည်။ သူ့နံဘေးနား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရန်ရှီးနဉ်ကို တစ်ခဏမျှ ငေးကြည့်နေမိသည်။ ထို့နောက် သူ ပုလဲပုတီးလိုက်ကာကို ဖယ်မလိုက်ကာ အိပ်ရာမှထ၍ စားပွဲဆီလျှောက်သွားလိုက်သည်။

စားပွဲပေါ်မှာတော့ အမွှေးနံ့သာတိုင်တို့ လောင်မြိုက်နေကာ သင်းရနံ့သဲ့သဲ့တစ်မျိုး ပေးစွမ်းနေသည်။ ဖေကျင်း မျက်ဝန်းများ ညိုမှောင်သွားတော့သည်။ ထိုတစ်ခါက သူ ရန်ရှီနဉ်ကို နန်းတော်တွင်း ဆုံချိန်တုန်းကလည်း အလားတူ သင်းရနံ့မျိုး သူမထံမှ ရခဲ့သည်။ ထိုစဉ်တုန်းကတော့ ဤရနံ့ကို သူ ရင်းနီးနေသည်ဟုသာ ခံစားမိသော်လည်း သိပ်ပြီး ထဲထဲဝင်ဝင် မတွေးကြည့်မိပေ။ ယခုလို ရန်ရှီနဉ် နံဘေး အတူလှဲအိပ်ပြီးတော့မှ ဤရနံ့ကို သူ အရင်ကတည်းက ရင်းနီးကျွမ်းဝင်နေသလို ခံစားလာမိခြင်းဖြစ်သည်။ ရန်ရှီးနဉ် စိုးရိမ်ပူပန်နေမည်စိုးသဖြင့် သူ သူမကိုတော့ ဘာမှ မပြောခဲ့။ ဤရနံ့မှာ ထိုနှစ်များက သူ့မွေးစားမယ်တော် မိဖုရား ချန် အသုံးပြုခဲ့သော အမွှေးနံ့သာမျိုးနှင့် တူနေလေသည်။

သူ့မွေးမိခင်ရင်းမှာ နန်းတွင်းအပျိုတော်တစ်ပါးဖြစ်ပြီး သူ့ကို မွေးဖွားပြီးသည်နှင့် ဆုံးပါးသွားခဲ့သည်။ သူ့မိခင် ဆုံးသွားတော့ ချန်မိဖုရားမှာ သားသမီး မရှိသေး။ ချန်မိဖုရားက သူ့အား မွေးစားခွင့်ပြုရန် သူ့ခမည်းတော်ထံ တောင်းဆိုခဲ့ပြီး ခမည်းတော်ကလည်း သဘောတူညီခဲ့လေသည်။

မိဖုရားချန်မှာ ကြင်နာ သဘောကောင်းတတ်သော သူ ဖြစ်သည်။ သူမမှာ ကျန်းမာသော အမျိုးသမီးဖြစ်ပြီး အသက်သုံးဆယ်နီးတော့ ကိုယ်ဝန်ရခဲ့သည်။ သို့သော် ကိုယ်ဝန်ဆောင်ကာလအတွင်း သူမ၏ ကျန်းမာရေးအခြေအနေက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။ သူမအား စမ်းသပ်းပေးသော နန်းတွင်းသမားတော်တိုင်းက ဆိုကြသည်။ သူမမှာ အမည်မသိသော ရောဂါတစ်မျိုးရှိနေသည်တဲ့။
မိဖုရားချန်တစ်ယောက် အအေးနန်းဆောင်တွင်း အကျယ်ချုပ်ကျခံရတော့သည်။ "ကျင်းကျိန်စာ"ဟူသည့် ကောလဟလများလည်း ပေါ်ထွက်လာသည်။ ဖေ့ကျင်း၏ မိခင်ဖြစ်သူမှန်သမျှ ကိုယ်ဝန်ဆောင်ချိန် အသက်ဘေးအန္တရာယ်ရှိသည်ဟူ၍ ဖြစ်လေသည်။ ချန်မိဖုရား သေလွန်တော့ ကိုယ်ဝန် ၄ လ။ သူမ မသေဆုံးခင်မှာ အမွှေးတိုင်အချို့ကို လက်မှာ ဆုပ်ကိုင်ထားရင်း သူမကို တစ်စုံတစ်ယောက်က အဆိပ်ခတ်တာဖြစ်ကြောင်း သူ့အား ပြောပြခဲ့သည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now