Part(6)

7.5K 770 73
                                    


Unicode

ကမ္ဘာတစ်ခြမ်းကို အနောက်ဘက်တိမ်တွေကြား မေးတင်နှုတ်ဆက်နေသည့် နေလုံးကြီးနှင့်
အိပ်တန်းတက် ငှက် ပျံဝဲနေကြသော
နေဝင်ချိန်သည် ဂန္တဝင်ပန်းချီကားချပ်ကြီးလို ရင်သက်ရှုမောဖွယ်ကောင်းလွန်းသည်။

လူတစ်ယောက်၏ဘဝတစ်ခုကို အပြီးပိုင်
နှုတ်ဆက်ထွက်ခွာသည့်အချိန်၊ လူ့ဘဝနေဝင်ချိန်ကတော့ သွေးနှင့်ရေးဆွဲသည့်ပန်းချီအား ဟုန်းတောက်နေသည့် မီးလျှံကြားက ကြည့်နေရသည့်နှယ် လောင်မြိုက်နာကျင်စရာ။

ဆက်ထန်အတွက် ဆွံအဖွယ်ရာ၊
အတားအဆီးမရှိသော မျက်ရည်တို့မှာ
ဝါဆိုဝါခေါင်မိုးတွေ အရှုံးပေး၊ မျက်ကွယ်ပြုထားရသည်။

မျက်လုံးအိမ်များပင် နာကျင်လာခဲ့သည်။
ငိုကြွေးခြင်းတွေ ရပ်တန့်ရန် ကြိုးစားသည်။
မအောင်မြင်ခဲ့။ ကံကြမ္မာမုန်တိုင်းက ဆက်ထန်အတွက် ရက်စက်လွန်းခဲ့သည်။

******************************

သာထက်ဆန်စက်မှပြန်လာ၍ ခြံဝအရောက်
ဆက်ထန်တို့အိမ်တွင်လူများပြည့်နေသည်။
ဘာဖြစ်နေပါလိမ့် စိုးရိမ်မိသော်လည်း
အထွေအထူးမရှိလောက်ပါဘူး ထင်၍
အိမ်ပေါ်တက်လာခဲ့လိုက်သည်။

"နှင်းသဇင် ဖေဖေတို့ရော"

"ကိုကြီးဝင်လာတည်းက မတွေ့ဘူးလား"

"မတွေ့ပါဘူး  ဘာကိုတွေ့ရမှာလဲ"

"ဆက်ထန်တို့အိမ်မှာလေ ဘာဖြစ်နေလဲမတွေ့ခဲ့ဘူးလား"

"လူတွေတော့အများကြီးတွေ့ခဲ့တယ်
ဘာလဲ အပျိုကြီးယောကျာ်းနောက်
လိုက်သွားလို့လား"

"ပြောင်ချင်ပြတ်ချင် လူရွှင်တော်လုပ်
ပြောင်တာ စတီးပဲ ကောင်းတယ်နော် ကိုကြီး
စတီးတောင် မိုးတွင်းဆို မိုးကြိုးစာမိဦးမှာ"

"အဲ့ဒါဆို ဘာလို့လဲ ပြောလေ ဖေဖေနဲ့မေမေ
အိမ်မှာမရှိတဲ့ကိစ္စက ဆက်ထန်တို့အိမ်လူများ
နေတာနဲ့ဘာဆိုင်လို့လဲ"

"နှင်းသဇင်ရဲ့နှုတ်တော်က ထွက်တော်မမူဘူး
ဖြစ်နေတာ ကိုကြီးရဲ့ ဆက်ထန်ကိုသနားလွန်းလို့"

ကြွေ,  လွင့်သွားသောမုန်တိုင်း (Complete)Where stories live. Discover now