Part 43
5.1K 402 123
"ဧက........."
"ဧက........"
အန္တရာယ်ရှိဖွယ်ရာအခြေအနေကို မြင်တွေ့ပြီးနောက်မှာ လွင်သစ်သွေးနှင့်မိုးထက်ပိုင်ထူးတို့ နှစ်ယောက်လုံး...
ကားလမ်းမပေါ် ပြေးတက်လိုက်ကြသည်။ ဧကအနားရောက်သွားသူသည် လွင်သစ်သွေးသာဖြစ်ပြီး...
မိုးထက်မှာ လမ်းမပေါ်ပင် ခြေချခွင့်မရ...အနီးအနား၌ရှိသော
လူနှစ်ယောက်က ဝိုင်းဆွဲထားကြသည်မို့...စိုးရိမ်တကြီး အော်နေရုံမှလွဲ ဘာမှမတတ်နိုင်ခဲ့....။
ကားလမ်းမတွင် ကျောက်ရုပ်ကလေးလိုရပ်နေသော ဧက၏လက်တစ်ဖက်အား လွင်သစ်သွေးဖမ်းမိလိုက်ပြီး...
ဘေးလွတ်ရာသို့ ဆွဲချလိုက်သော်လည်း သူကိုယ်တိုင်ကတော့...အရှိန်နှင့်လာနေသော ကားကြီးအား တိန်းရှောင်ရန် မမှီလိုက်တော့ပေ....။
ကားသမားသည်လည်း....တွေ့တွေ့ချင်း ဘရိတ်အုပ်လိုက်ပုံရသော်ငြား..အုန်းကနဲ အသံကျယ်ကြီးနှင့်အတူ လွင်သစ်သွေး၏ကိုယ်မှာ အဝေးသို့လွင့်စင်ထွက်သွားလေသည်။
မကြည့်ရဲ၍ မျက်လုံးမှိတ်ကာ အထိတ်တလန့် အာမေဋိတ်သံပြုကြသူများ...၊ ရုတ်တရက်ကြီး ဖြစ်ပျက်သွားသော အဖြစ်အပျက်မို့....ကြောင်အကာ ရပ်ကြည့်နေကြသူများ...၊ ကားသမားကို ထွက်မပြေးစေရန် တားထားသူများနှင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
လွင်သစ်သွေးသည် ဧကအား အချိန်မှီကယ်တင်တွန်းဖယ်လိုက်သော်ငြား အရှိန်ပါသွားတာကြောင့်
ခန္ဓာကိုယ်ကို မထိန်းလိုက်နိုင်သော ဧကသည် မြေကြီးပေါ်မှာရှိနေသော ကျောက်တုံးထက်သို့
ခေါင်းတင်လျှက် အနေအထားနှင့် လဲကျသွားရသည်။
မျက်စိရှေ့တွင် အနိဋ္ဌာရုံမြင်ကွင်းကို မျက်မြင်တွေ့ကြရသည်မို့....
အချင်းချင်းတိုးတိုးတိတ်တိတ် ရေရွတ်၍ ဝိုင်းအုံလာကြသော လူတွေကို တွန်းဖယ်၍...ကျောက်တုံးနှင့်ခေါင်းထိသော ဒဏ်ရာကြောင့် သတိလစ်မေ့မြောသွားသော ဧကအနားသို့...
မိုးထက်တစ်ယောက် ကမူးရှူးထိုး ပြေးဝင်သွားပြီး...
ပွေ့ချီလိုက်သည်။
"တစ်ယောက်လောက် ဆေးရုံကားကိုဖုန်းဆက်ပေးကြပါ......
အမြန်လေး...."
မိုးထက်အသံက ကတုန်ကယင်ဖြစ်နေသည်။ ရင်ခွင်တွင်း၌ ငြိမ်သက်နေသောကောင်လေးအား မထိရက်မကိုင်ရက် အနေအထားနှင့် ခန္ဓာကိုယ်ကိုပင် မရွေ့ရဲ....။ လွင်သစ်သွေးကို လှမ်းကြည့်မိတော့လည်း...
ဝတ်ထားသောအင်္ကျီအဖြူက သွေးတွေရွှဲနေသည်မှာ မြင်မကောင်း....။ မျက်မှန်ပင် မျက်နှာနှင့်ကင်းကွာ၍ ကွဲကြေကုန်သည်မှာ အလွန်ပြင်းသောအရှိန်နှင့် တိုက်ခံလိုက်ရကြောင်း...မြင်လိုက်ရသူမှန်သမျှ ခန့်မှန်းမိကြသည်။ လွင်သစ်သွေးအနားသို့ သွားရောက်ဝိုင်းအုံနေကြသူတွေသည်လည်း...
မထိရဲမကိုင်ရဲ...။ ခန္ဓာကိုယ်မှ သွေးစိမ့်ထွက်လာ၍...ရေစီးကြောင်းလို တရွေ့ရွေ့စီးဆင်းလာသော သွေးစီးကြောင်းကိုမြင်သူတိုင်း...
ကိုယ်တိုင်ခံစားရသလို စုတ်သတ်ပြီး ရင်ဘတ်ပုတ်လျှက်မိသား....။