Part 1

16K 878 5
                                    

"Yibo ge! ဒီနေ့ပဲ လာပို့ သွားပြီ"
ဆိုင်ထဲဝင်ရုံရှိသေး အစမရှိ အဆုံးမရှိ ကျင်းရီစကားကြောင့် Yibo တစ်ယောက်ကြောင်သွားသည် ။
" Mannequin ရုပ်ကိုပြောနေတာ Ge ရေ" ဆိုပြီး နောက်ကနေ ရှင်းပြပေးတဲ့ စစ်ကျွေးကြောင့်သာမဟုတ်ရင် နေပူထဲကပြန်လာတဲ့သူ့ကို ခေါင်းစားအောင်လုပ်တဲ့ ကျင်းရီ ကိုဆဲမိမှာသေချာတယ်။
"နောက်ဆုံးတော့ရောက်လာပြီပေါ့ Mr. Mannequin ! ငါ့မှာ မင်းကိုမျှော်နေလိုက်ရတာ" Yibo တစ်ယောက် ဝယ်လာတဲ့အအေးခွက်တွေကို ကလေးနှစ်ယောက်ဆီပေးပြီး စက္ကူဘူးထောင်ထားရာနေရာဆီလျှောက်ခဲ့လိုက်သည်။ ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်တာ သူငယ်ငယ်ထဲကရည်မှန်းချက်ဖြစ်သည်။ လုပ်ချင်တာကို လုပ်ရမှနေတတ်သောသူ့အတွက် ကိုယ်ပိုင် brand နဲ့ ကိုယ်ပိုင်အင်္ကျီဆိုင်လေး ဆိုတဲ့ အိပ်မက်ကသူ့ အတွက်တော့ လွယ်ကူမနေပါ။
အလယ်အလတ်အတန်းစား သာမာန်မိသားစုကနေမွေးဖွားလာသူ သူ့အတွက် Fashion designer လုပ်ချင်တယ် လို့ တစ်ခွန်းပြောရုံနဲ့ ငွေထုပ်ပုံအောထုတ်ပေးမယ့် မိဘတွေ သူ့မှာမရှိ။ ရည်မှန်းချက်ပြည့်ဝဖို့အတွက် Yibo စတေးခဲ့ရတဲ့ ငယ်ဘဝအချိန်တွေအများကြီး။ တခြားသူတွေ အပူအပင်ကင်းကင်း ကျောင်းတက် ကျူရှင်တက်နေချိန်မှာ သူကတော့ ကျူရှင်လခတွေစုပြီး ကိုယ့်ဘာသာစာကိုကြိုးစားကျက်ခဲ့ရသည်။ တခြားလူတွေ လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ကြီးဖြတ်သန်းချိန်မှာ သူကတော့ အလုပ်တွေအဆက်မပြတ်လုပ်ရင်း တစ်ဖက်ကဝါသနာပါရာ ဖက်ရှင်ပိုင်းဆိုင်ရာတွေကို လေ့လာနေခဲ့သည်။
သူ့ကို သူများတွေက အသက် ၂၂ နဲ့မလိုက်အောင်ရင့်ကျက်လွန်းသည် တည်ငြိမ်လွန်းသည်ပြောတဲ့ စကားတွေကို သူဂရုမပြုနိုင်။ အဖက်မလုပ်အား။ သူ့ အိပ်မက်တွေကဈေးကြီးလွန်းသည်။ သူ့ ရည်ရွယ်ချက်အောင်မြင်ဖို့ပဲ သူဂရုစိုက်နိုင်သည်။ သူ့လမ်းကို လာနှောင့်ယှက်သူတွေကို ပြန်ပြောမိတော့ "စွာလိုက်တာ"တဲ့ ဆိုပြီး လူမုန်းများသည်။ နောက်ဆုံးဒီလူတွေကိုဘယ်လိုဆက်ဆံရမလဲသူကောင်းကောင်းသိသွားသည်။
ဘာပြောပြောသူအဖက်မလုပ်တော့။ ကိုယ့်လမ်းကိုလျှောက်သည်။ ဒီတော့လည်း "ချေတယ်" တဲ့။ ဘယ်လိုနေနေ အပြောခံရတာမလွတ်တာကြောင့် Wang Yibo တစ်ယောက် ဘေးပတ်ဝန်းကျင်ကိုဂရုစိုက်မနေတော့။ အားနာစိတ်တွေထားမနေတော့။
"အရုပ်ထုတ်တဲ့ ကုမ္ပဏီကတော့ တောင်းပန်ရှာပါတယ်။ သူတို့ဆီမှာ ပစ္စည်းပြတ်သွားလို့ တဲ့။ အရုပ်သစ်ထပ်လုပ်ဖို့ ကလည်း စက်ရုံမှူးကခရီးထွက်နေတာ။စက်ရုံမှူးပြန်လာမှ အသစ်ထုတ်ပြီးကျွန်တော်တို့ဆီပို့ပေးမလို့ကို ကျွန်တော်တို့အော်ဒါတင်ထားတာ ကြာပြီဆိုတော့ အားနာပြီး ဂိုဒေါင်မှာရှိဦးမလား ရှာကြည့်တာ ဒီတစ်ရုပ်တွေ့တာနဲ့ ပို့ လိုက်တာတဲ့" စစ်ကျွေးက ဘေးလာပြီး စက္ကူဘူးဖြည်နေတဲ့ သူ့ကိုကူညီပြီးရှင်းပြနေသည်။
Yibo တစ်ယောက်စစ်ကျွေးပြောတာကို နားလည်ကြောင်း ခေါင်းညိတ်ပြပြီး ကျင်းရီကိုရှာကြည့်မိသည်။ ကိုယ်တော်ချောက ကောင်ဒါမှာ ဒူးလေးတစ်နှံနှံနဲ့ ဝယ်လာပေးတဲ့အအေးကို သောက်ရင်း ဖုန်းပွတ်ကာ ဇိမ်ကျနေသည်။
"အရုပ်ကတော်တော်တော့မြင့်သားဗျ! နော်?" စက္ကူဘူးထဲကနေ ထုတ်ရင်းပြောနေတဲ့ စစ်ကျွေးစကားကို Yibo စိတ်ထဲကနေထောက်ခံမိသည်။
"Wow!! Yibo Ge...ဒီအရုပ်ကတော်တော်ချောတာပဲ! ကျန်တဲ့မြင်ဖူးနေကျ mannequin ရုပ်တွေနဲ့ မတူသလိုပဲ" ဘယ်တုန်းကဘေးရောက်လာမှန်းမသိတဲ့ ကျင်းရီရဲ့စကားကြောင့် ရိပေါ် အရုပ်မျက်နှာကို သေချာကြည့်မိသည်။ ဟုတ်သည်။ ပုံမှန်အင်္ကျီဆိုင်တွေမှာမြင်ဖူးနေကျ ယောကျာ်းရုပ်တွေလိုမဟုတ်။
မြင်နေကျအရုပ်တွေလို မေးရိုးကားကားမရှိဘဲ သူ့မေးရိုးတွေက တကယ့်ကို စိတ်ရှည်လက်ရှည်နဲ့ ထုထားတဲ့ပန်းပုဆရာတစ်ယောက်ရဲ့ ပန်းပုရုပ်လို ညီညာသည်။ တခြားအရုပ်တွေရဲ့ နှာတံဘယ်လိုရှိမှန်းမသိပေမယ့် ဒီအရုပ်လေးရဲ့နှာတံဟာ ချွန်ချွန်လေးနဲ့ တော်တော်ကြည့်လို့ ကောင်းသည်။ မျက်လုံးနေရာလေးဆိုလည်း ပြူးပြူးလေးနဲ့ အပေါ်ကမျက်ခုံးမွှေးပုံစံဖော်ထားတဲ့အရာတွေက မျက်လူံးလေးတွေကို ပိုလှနေစေသည်။ နှုတ်ခမ်းလွှာတွေဆိုတာလည်း ဖူးဖူးလေးဖြစ်လို့ ။
"အရုပ်ဖြစ်နေလို့ပေါ့ဗျာ! လူသာဆိုရင် မျက်လုံးလှလှ နှုတ်ခမ်း နီနီ သူ့ပုံနဲ့ ရှိသမျှမိန်းကလေးတွေအားလုံးရဲ့ အသဲကို ဖမ်းစားသွားမယ့်ရုပ်ပဲ" ပြောတဲ့ ကျင်းရီရဲ့ စကားကို သူ မငြင်းမိ။
"အာ...နေအုံး နေအုံး!!!" ပြောပြောဆိုဆိုနဲ့ ကောင်ဒါဘက်ကို ပြေးသွားသော ကျင်းရီ ကို ဘာလုပ်မလို့ လဲသူမမေးမိ။ကိုယ့်ဘာသာဒီအရုပ်ကိုဆင်ပေးဖို့ အင်္ကျီတွေလိုက်ရှာနေလိုက်တယ်။ ဒီကောင်လေးဟာအမြဲအဲ့လိုပဲ။ စိတ်ထင်ရင်ထင်သလိုလျှောက်လုပ်နေတာ။ သူ့ အမေ Yibo ရဲ့အစ်မတစ်ဝမ်းကွဲကိုယ်တိုင်ကမနိုင်လို့ Yibo ဆီအပ်ထားရတဲ့အဖြစ်။
"ဟေ့ရောင်!! လျှောက်မလုပ်နဲ့လေ!" စစ်ကျွေးရဲ့အသံကြားလို့  Yibo လှည့်ကြည့်လိုက်တော့ အရုပ်နား Marker pen တစ်ချောင်းကိုင်ပြီးကျေနပ်ပြုံးပြုံးနေတဲ့ ကျင်းရီ။ ဒီကောင်လေးဘာလျှောက်လုပ်လိုက်ပြန်သည်မသိ။ တစ်ခါတစ်လေ Yibo တစ်ယောက် ကျင်းရီအစား စစ်ကျွေးကိုသာ သူ့တူအဖြစ်တော်လိုက်ချင်သည်။ သက်တူရွယ်တူသူငယ်ချင်းဖြစ်ပေမယ့် စစ်ကျွေးဟာ ကျင်းရီရဲ့ ဆန့်ကျင်ဘက်။ ကျင်းရီတစ်ယောက်ကို Yibo ဆိုင်စောင့်ခိုင်းတိုင်း စစ်ကျွေးကိုပါချောဆွဲလာသဖြင့် Yibo တစ်ယောက် စစ်ကျွေးနဲ့ပါရင်းနှီးနေခြင်းဖြစ်သည်။ စစ်ကျွေးကလည်း ကျင်းရီထက်ပိုစိတ်ချရတာကြောင့် Yibo စစ်ကျွေးဆိုင်လာစောင့်တာကို မတား။
ခုဟိုမျောက်လောင်းလေး ဘာလျှောက်ကလိထားလဲသွားကြည့်ရအုံးမယ်။
"မင်းကလည်း ကြည့်လေ!! ငါလုပ်ပေးလိုက်မှ ပိုချောသွားတာမဟုတ်ဘူးလား??" သူ့လုပ်ရက်ကို သူဂုဏ်ယူသံကြီးနဲ့ ပြောရင်း လက်ပင်ပိုက်လိုက်သေးသောကျင်းရီ။
"ဘာဖြစ်လို့ လဲ?" Yibo အရုပ်ကိုစစ်ရင်းမေးလိုက်သည်။ အရုပ်လက်တွေဘာတွေများပြုတ်သွားလား ဆိုတာလည်းစစ်ရသေးသည်။
"ဒီမှာလေ ဒီကောင်လျှောက်လက်ဆော့ထားတာ" စစ်ကျွေးလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ အရုပ်ရဲ့ နှုတ်ခမ်းဘယ်ဘက်အောက်မှာ အမဲစက်လေးသေးသေးလေး။
"မင်းကလည်း လက်ဆော့တာမဟုတ်ပါဘူးဆိုမှပဲ။ ငါကဒီအရုပ်ကချောပေမယ့်တစ်ခုခုလိုနေသလား လို့ ခံစားရလို့ မှဲ့လေးထည့်ပေးလိုက်တာပါကွာ!! " နှုတ်ခမ်းလန်လန်နဲ့ စွာနေတဲ့ကျင်းရီကို Yibo မဆူနိုင်တော့။ အရုပ်ပျက်စီးသွားတာမဟုတ်တဲ့အတွက်ရော ထင်ရှားနေတဲ့နေရာမဟုတ်တဲ့အတွက်ရော သူဘာမှမပြောမိ။
တစ်နေကုန် နေပူထဲမှာ လိုအပ်တဲ့ပစ္စည်းတွေပတ်ရှာလာခဲ့တာကြောင့် Yibo တစ်ယောက်ခေါင်းတွေမတရားကိုက်နေပြီ။ ကလေးနှစ်ယောက်ကိုလည်းဆူဖို့ အားမရှိတော့။ ခုချိန် သူခဏလှဲချင်တာကလွဲပြီးကျန်တာဂရုမစိုက်ချင်တော့။
"မင်းတို့ပြန်ရင်ဆိုင်ကိုသေချာ သော့ပိတ်သွားဦး" ပဲပြောပြီး Yibo အပေါ်ထပ်အလုပ်ခန်းဆီတက်သွားသည်။ သည်အခန်းက အလုပ်ခန်းဆိုလည်းဟုတ် သူ့အတွက်အိပ်ခန်းဆိုလည်းဟုတ်သည်။ လူပျို ယောကျာ်းလေးဖြစ်တဲ့အတွက် ဘာပစ္စည်းများများစားစားမလိုအပ်သောသူ့အဖို့ အိပ်စရာကျောတစ်ခင်းစာသာရရင်ပင်လုံလောက်သည်။
" Ge...ဒီအရုပ်ကိုဘယ်လိုလုပ်မှာလဲ? အဝတ်အစားတွေဝတ်ပြီး အလှမပြသေးဘူးလား?" တက်ခါနီး ကျင်းရီဆီမှမေးသံကြားလိုက်ရသည်။
"ထောင့်တစ်ထောင့်ထောင့်ခဏကပ်ထားလိုက်။ သူနဲ့လိုက်တဲ့အဝတ်ရှာမတွေ့သေးလို့ "
Yibo အဖြေကို ကျင်းရီတစ်ယောက် ခေါင်းကုပ်ရင်း "အရုပ်ပဲဟာ။ လိုက်တဲ့အင်္ကျီရှိလို့ လား??" ဘေးက စစ်ကျွေးကို မေးခွန်းထုပ်မိသည်။
Yibo ကိုယ်တိုင်လည်းသူဘာသာနားမလည်မိ။ စောနက တစ်ဆိုင်လုံးပတ်ပြီး အရုပ်ကိုဝတ်ပေးဖို့ အင်္ကျီရှာနေတာ သူ့စိတ်ကြိုက်မတွေ့ ။ ဘာလို့ လဲမသိ။ ဒီအရုပ်လေးကို အကောင်းဆုံးတွေသာ သူဆင်ပေးချင်မိသည်။ ဒီအရုပ်လေးက သူ့ဆိုင်အတွက် လာဘ်ကောင်လေးဖြစ်လာမည်ဟုသူယုံသည်။
***
Yibo တစ်ယောက်ခဏလှဲမည်ဟုစဉ်းစားပြီးအိပ်လိုက်တာ ဘယ်လောက်ကြာသွားသည်မသိ။ နိုးလာတော့ ညပင်တော်တော်နက်နေပြီ။ နေ့လည်ထဲက ဘာမှမစားထားလို့ ဗိုက်ကလည်းတဂွီဂွီနဲ့ အချက်ပြနေပြီ။ အောက်ဆင်းပြီးစားစရာတစ်ခုခုရှာမယ် ကြံနေတုန်း
"ဒုန်း!!!!"
ထင်ထင်ရှားရှားကြီးကြားလိုက်ရတဲ့အသံ။
တစ်လောကလုံးမှာ ဘယ်သူ့ ဆို ဘယ်သူမှ ဂရုမစိုက်တဲ့ Yibo တစ်ယောက် သရဲတော့အသေကြောက်သည်။ ကုတင်ကနေကုန်းထဖို့ပြင်နေတုန်း သရဲများလား ဆိုတဲ့အတွေးကြောင့် ချက်ချင်းပြန်အိပ်ကာ စောင်ကိုခေါင်းမှီးခြုံလိုက်သည်။
"ဒုန်း~~~~ခလွမ်း!!!"
နောက်တစ်ခါ တိုက်မိသံနဲ့အတူ တစ်ခုခုကျကွဲသံကြားတော့မှ သရဲမဟုတ်လောက်ဘူး ဆိုတဲ့အတွေးကရောက်လာသည်။ တလက်စတည်း နေ့လည်က ကလေးနှစ်ယောက်ကို ဆိုင်သိမ်းခိုင်းတာ သေချာသော့မခတ်သွားလို့ သူခိုးများဝင်နေလားမသိဘူး ဆိုတဲ့အတွေးပါဝင်လာသည်။
သူခိုးတော့ဝင်လို့ မဖြစ်။ မရှိရှိတဲ့ပိုက်ဆံခြစ်ကူတ်ပြီး ဒီဆိုင်လေးဖွင့်ထားရတာ။
Yibo တစ်ယောက် ကုတင်ဘေးကမိရာကောက်ဆွဲပြီး ဆင်းလာခဲ့သည်။
"ဒုန်း!"
"အား!!!" အောက်ရောက်ခါနီးမှာ နောက်ထပ်ခလုပ်တိုက်သံတစ်ခုနဲ့အတူ ကြားလိုက်ရတဲ့အော်သံတစ်ခု။
Yibo အောက်အမြန်ပြေးဆင်းပြီး အမှောင်ထဲမှာ အသံကြားရာနေရာဆီပြေးသွားလိုက်သည်။
လှုပ်နေတဲ့အရာရှိတဲ့နေရာဆီပြေးသွားပြီး ရိုက်ဖို့ ပြင်နေတုန်း ကြမ်းပြင်ပေါ်ဆောင့်ကြောင့်ထိုင်နေတဲ့ ကောင်လေးရဲ့ မျက်နှာကို မြင်လိုက်ရချိန် Yibo လက်လေထဲမှာရပ်သွားသည်။
"မင်း...မင်း..မင်း ဘယ်သူလဲ!!"
Yibo တစ်ယောက်စကားတွေအထစ်ထစ်အငေါ့ငေါ့ထွက်လာသည်။
ကြမ်းပြင်ပေါ်က ကောင်လေးကတော့သူ့ကိုငေးကြည့်နေဆဲ။ ညဘက်ရောက်နေပေမယ့် လပြည့်ညဖြစ်သည့်အတွက် လရောင်ကောင်းကောင်းရနေသည်။ ဒါ့အပြင် ဖက်ရှင်ဆိုင်ဖြစ်သည့်အတွက် တံခါးပေါက်တွေကို မှန်နဲ့သာ ကာထားသည့်အတွက် ဆိုင်ထဲမှာ ညပေမယ့်လရောင်ကြောင့်မြင်နေရသည်။
Yibo ရှေ့မှာ ကောင်လေးတစ်ယောက်။ ဘာအဝတ်အစားမှမဝတ်ထား။ Yibo ကိုမော့ကြည့်နေတဲ့ မျက်လုံးလေးတွေကလည်း ပြူးပြူးလေး။ ကြောက်လွန်းလို့ တုန်နေတဲ့ သူ့နှုတ်ခမ်းပါးလေးတွေက နီနီဖူးဖူးလေး။ အဲ့ထက် Yibo ကိုအံ့သြစေတဲ့အရာက နှုတ်ခမ်းနီနီအောက် ဘယ်ဘက်ထောင့်လေးက မှဲ့လေးတစ်ခု။
အဲ့နေရာဟာ နေ့လည်က ကျင်းရီတစ်ယောက်လက်ဆော့ပြီး marker pen နဲ့မှဲ့လေးထည့်သွားခဲ့တဲ့နေရာမဟုတ်လား?? သူ့ရှေ့မှာရှိနေတဲ့သူဟာ တကယ့်လူတစ်ယောက်ဆိုရင်တောင် မှဲ့ရှိတဲ့နေရာဟာဒီလောက်တိုင်ဆိုင်နိုင်ပါရဲ့လား??
Yibo တစ်ယောက်လက်ထဲမှကိုင်ထားတဲ့တုတ်ပြုတ်ကျသွားသည်အထိလန့်သွားမိသည်။နေ့လည်က ကျင်းရီပြောတဲ့ "အရုပ်မို့လို့ ပေါ့ဗျာ! လူသာဆိုရင်......." ဆိုတဲ့စကားတွေ နားထဲပြန်ကြားယောင်မိသည်။

Mannequin (ငါ့အရုပ်လေး)Where stories live. Discover now