ချစ်တြိဂံ

96 1 0
                                    

ဦးဖေခင်က အရမ်းချမ်းသာတယ်။ မြကန်သာလမ်းထဲက သူပိုင်တဲ့ အိမ်ကြီးဆိုတာ အကြီးကြီးပဲ။ သူ့မှာမြို့ထဲက တော်တော် အလုပ်ဖြစ်တဲ့ ပွဲရုံတခုပိုင်တယ်။ မနက်ဆို အိမ်ကနေ သူ့ပွဲရုံဖက်ကို ၁၅မိနစ်လောက် လမ်းလျှောက်ပြီးမှ တက်စီ တစီး ငှားပြီးသွားတယ်။ သူ့ကျန်းမာရေး အတွက် လမ်းလျှောက်တာပေါ့။

သူ့မှာသားတယောက်ရှိတယ်။ ဆုံးသွားတဲ့ သူ့သူငယ်ချင်း တယောက်ရဲ့ သားကို ခေါ်မွေးစား ထားတာ။ နာမည်က စည်သူ၊ တော်တော်အောင်မြင်နေတဲ့ ပန်းချီဆရာလေးပေါ့။ လူဆိုတာက ကိုယ့်ဟာကို ဒုက္ခရှာတဲ့ အမျိုး၊ အဖိုးကြီးကလူလွတ်ဆိုတော့ သူနဲ့ ဖအေတူ မအေကွဲ ညီမကမွေးလာတဲ့ တူမ တယောက်ကိုလဲ အိမ်မှာ ခေါ်တင်ထား သေးတယ်။ လှလှမိုး တဲ့။

စည်သူ နဲ့ လှလှမိုး က တယောက်နဲ့ တယောက် ခင်ခင်မင်မင် ပါပဲ။ တနေ့ကျရင် သူတို့လက်ထပ်ပြီး ဦးဖေခင်ရဲ့ ပစ္စည်းဥစ္စာ တွေနဲ့ နေသွားကြမယ်ဆိုတာ မပြောပဲ သိနေကြတာပါပဲ။ ဒီနေရာမှာ အလှည့်အပြောင်းလေးတခုတော့ ထည့်ရဦးမှာပေါ့။

ဦးဖေခင်မှာ ကျော်ထင်ဆိုတဲ့ ညီတယောက်ရှိတယ်။ လွန်ခဲတဲ့ နှစ်၃၀ လောက်က ကျော်ထင်က သူ့ဖာသာ စီးပွားရှာမယ်ဆိုပြီး မိုးကုတ်ကို ထွက်သွားတာ သူ့အကြောင်း ဘာမှ ထပ်မကြားရ တော့ဘူး။ တရက်တော့ ဦးဖေခင် သူ့ညီဆီက စာရတယ်။ စာရွက် ညစ်ညစ်စုတ်စုတ်မှာ စာကောင်းကောင်း မတတ်သူတဲ့ လူတယောက်က ဖြစ်ကတတ်ဆန်း ရေးထားတဲ့ စာမျိုး။

ကြည့်ရတာ ဦးကျော်ထင် တယောက် ချမ်းသာရေးနတ်ကြီးက သူ့ဆီရောက်မလာပဲ၊ အဲ့နတ်ကြီးရဲ့ ရန်သူပဲ ဦးကျော်ထင်ဆီ ရောက်သွားတဲ့ပုံပဲ။ စာအတိုင်းဆို သူ့မှာ ရောဂါမျိုးစုံ ဝင်နေပြီ၊ အရက်ကို နေ့မလင်း ညမလင်း သောက်တဲ့ လူတယောက်တောင် အဲလောက် ရောဂါစုံမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်၃၀ မှာ သူ့မှာ အဖတ်တင်တာ ဆိုလို့ ၁၉နှစ်သား သမီး တယောက်ပဲ ရှိတယ်။ အခု အဲ့သမီးကို ကျွေးမွေး ပညာသင်ပြီး ကောင်းကောင်းထားဖို့ ဦဖေခင်ဆီ လွှတ်လိုက်တယ်တဲ့။ အနည်းဆုံးတော့ ယောက်ျားမယူခင်ထိ တာဝန်ယူဖို့ပေါ့။

ချစ်တြိဂံWhere stories live. Discover now