My Life is You ... 4 (Uni+Zaw)

218 25 9
                                    

(Unicode)

ပန်းကန်တွေ ခွက်တွေ အသံကြားတာနဲ့ အစ်ကို့ရဲ့အစေတော် အားချန်ရောက်လာပြီထင်တယ်။ ကျွန်တော်နှိုးသွားမှာစိုးလို့ အစ်ကိုက သူ့ရဲ့အစေတော်ကို တိုးတိုး တိုးတိုးနဲ့မှာကြားနေလေရဲ့။ ညအချိန်မတော်ကြီး ဒုက္ခပေးထားမိတော့ ကျိရန်ရဲ့စိတ်ထဲမှာ အားနာနေတာနဲ့ နှိုးနေလည်း မထဘဲ ဆက်အိပ်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်ကမှန်းမသိတဲ့လေအေးလေးတစ်ချက် ခန္ဓာကိုယ်ပေါ်ကနေ ဖြတ်ပြေးသွားတော့ ကျိရန် အေးလို့တုန်တက်သွားတယ်။ 

အော်... ညက ရှက်စိတ်နဲ့ပူသလိုခံစားရလို့ ခေါင်းရင်းက ပြတင်းပေါက်ကို ဖွင့်ထားမိတာကိုး...။ ဆောင်းထဲဝင်လာပြီဆိုတော့ မနက်ခင်းလေးအေးကလည်း အတော်လေး ချမ်းစိမ့်နေခဲ့ပြီ။ စောင်ကလည်း ကိုယ်ပေါ်မှာ မရှိ။ လိုက်စမ်းပြီး ခြုံမယ်ဆို နှိုးသွားမှန်းသိပြီး မနက်စာခေါ်ကျွေးနေဦးမယ်။ အေးနေလည်း ဒီတိုင်း ဆက်အိပ်နေရုံပဲရှိတော့တာပေါ့ဗျာ...။ ချမ်းစိမ့်စိမ့်နဲ့ ကြက်သီးတွေ ထနေလည်း ကျိရန် အအေးဓာတ်ကို အံတုပြီး ဒီအတိုင်း ဆက်အိပ်နေလိုက်တယ်။

လွှားကနဲ ခန္ဓာကိုယ်ပေါ်လာအုပ်တဲ့ လာဗင်ဒါရနံ့သင်းသင်းနဲ့အမွေးပွပွအထည်ကြောင့် ကျိရန်ကိုယ်လေး တွန့်သွားတယ်။ နွေးထွေးတဲ့အကာအကွယ်အောက် ရောက်သွားသလိုပဲ။

" လေအေးတွေ ဝင်လာတယ်။ အစ်ကို့စောင်လေးခြုံထားနော်...။ မင်းစောင်ပါးလေးက နွေးထွေးစေမှာ မဟုတ်ဘူးလေ" 

နူးညံ့တဲ့လေသံနဲ့ဟောက်ရွှမ်းက ပြောပြီး ကျိရန်လေးရဲ့ပုခုံးအထိ စောင်လေးကို ခြုံပေးလိုက်တယ်။ ပြီးတော့ နားနားလေးကို ကပ်ကာ

" အိပ်ချင်ယောင်ဆောင်နေတဲ့သူက နှိုးရခက်တယ်။ ကိုယ် အောက်ထပ်မှာ လေ့ကျင့်ခန်းသွားလုပ်လိုက်ဦးမယ်။"

ဟောက်ရွှမ်းက ကျိရန်ရဲ့နားအနားကပ်ပြောပြီး အားချန်နဲ့အတူ အခန်းထဲက ထွက်သွားတယ်။ တံခါးပိတ်သံကြားတော့မှ ကျိရန်အနည်းငယ် လူးလိမ့်လာတယ်။ ဟောက်ရွှမ်းရဲ့မွေးပွစောင်ကြီးရဲ့နွေးထွေးမှုအောက်မှာ တစ်ကယ်အိပ်ပျော်တော့မယ် ထင်တယ်။ ခုနက ဟောက်ရွှမ်းကပ်ပြောသွားတဲ့စကားကို စဉ်းစားနေတယ်။ ဒါဆို... ငါအိပ်ချင်ယောင်ဆောင်တာ သူသိနေတာပေါ့။ အသက်တစ်ချက်ရှူလိုက်တိုင်း နှာခေါင်းထဲ ပြေးဝင်လာတဲ့လာဗင်ဒါရနံ့သင်းသင်းလေးရယ်... မွေးပွစောင်ကြီးရဲ့နွေးထွေးရယ်.... ပြတင်းပေါက်က တစ်ချက်ချက်ပြေးဝင်လာတဲ့လေအေးလေးတွေကြားမှာ ကျိရန် တစ်ကယ် အိပ်ပျော်သွားတယ်။

My life is youWhere stories live. Discover now