အခန်း(၂) ယွီဝမ်စစ်သူကြီး၏ ထိမ်းမြားမင်္ဂလာ

3.2K 467 3
                                    

[Unicode..]

ဆယ့်လေးနှစ်ကြာပြီးနောက်...

ချန်နိုင်ငံ။

မြို့တော်၏ အဓိကလမ်းမကြီးပေါ်တွင် ပြည်သူပြည်သားများက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။ နံနက်ခင်း၏ စျေးတန်းမှာလည်း ကြက်ပျံမကျ စည်ကားလှပေသည်။ ထို့ထက်ထူးခြားသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ မျက်နှာပေါ်မှ အပြုံးများပင်ဖြစ်သည်။

လမ်းဘေးအချိုမုန့်သည် အဒေါ်ကြီး၏ မျက်နှာပေါ်က အပြုံးသည်လည်း ချိုမြိန်လှ၏။ ဖိနပ်ဆိုင်ရှင် ဦးလေးကြီး၏ အပြုံးသည်လည်း တစ်လောကလုံးမှ ကံကောင်းခြင်းတို့ သူ့အပေါ် စုပြုံကြရောက်နေသယောင်ရှိ၏။ မီးပုံးငယ်လေးများ လုပ်ရောင်းနေသော ကလေးငယ်မှာလည်း ယနေ့သူ့လက်ဖြင့် ပြုလုပ်ထားသော ဆီစိမ်စက္ကူမီးပုံးလေးများမှာ အစောကြီးရောင်းကုန်သွားသကဲ့သို့ပင် မျက်လုံးကလေးများမှေး၍ ပါးချိုင့်ကလေးများပေါ်သည်အထိ ပြုံးရယ်နေ၏။

ပြုံးပျော်နေကြသော ပြည်သူလုထုအား ကြည့်ရသည်မှာ နံနက်ခင်းတွင် အလွန်မင်္ဂလာရှိသော မြင်ကွင်းပင်ဖြစ်လေသည်။

"ဟေ့! မင်းတို့ကြားပြီးပြီလား!
ဒီနေ့ စစ်သူကြီး မြို့တော်ကိုပြန်ရောက်မယ်တဲ့"

ကိုယ်စီအလုပ်များနေကြသဖြင့် လမ်းမပေါ်တွင် ခပ်မြန်မြန်လှုပ်ရှားနေကြသော လူအုပ်ကြီးသည် ပန်းပဲဖိုပိုင်ရှင်၏ စကားသံကျယ်ကျယ်ကြောင့် ခြေလှမ်းတို့ကိုနှေးပစ်လိုက်ကြ၏။

"ဟေ! ဟုတ်လား။ ငါတော့မကြားမိပေါင်"

ပန်းပဲဖိုဘေးရှိ စာအုပ်ဆိုင်မှဦးလေးကြီးက လက်ထဲရှိ ဖုန်သုတ်အဝတ်ကိုခါနေရင်း ပြန်ပြောသည်။

"အိုက်ယား... ခင်ဗျားတို့ကလည်း
ဘာမှကိုမသိကြဘူး။ စစ်သူကြီးက
ဒီတစ်ခေါက် တောင်ဘက်နယ်စပ်က
သူပုန်စခန်းတစ်ခုလုံးကို အမြစ်ဖြတ်
သုတ်သင်နိုင်ခဲ့တာလေ။ အဲဒါ
လွန်ခဲ့တဲ့ဆယ့်ငါးရက်က သတင်းဆိုတော့
ရက်တွက်ကြည့်ရင် ဒီနေ့မြို့တော်ကို
ပြန်ရောက်မှာပေါ့။ မနေ့က ကျုပ်သားက
ဟိုဘက်မြို့ကနေပြန်ရောက်တာ။
စစ်သူကြီးအဲ့ဒီမြို့ကိုရောက်နေပြီတဲ့"

Beloved Wangfei Xiao Yun [Completed]Where stories live. Discover now