Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
Zawgyi 🏆
၁)
ဆောင်းဦးရဲ့မြောက်ပြန်လေညင်းလေးက
ပတ်ဝန်းကျင်တစ်ခုလုံးကို ကျီစယ်တိုက်ခိုက်လျက်ရှိနေသည်။လေအေးတစ်ချက်ဝေ့လိုက်တိုင်း ခြံဝန်းအတွင်းစိုက်ပျိုးထားသော ပန်းပေါင်းစုံတို့ရဲ့မွှေးရနံ့က ပန်းခြံဘေးကပ်လျက်အခန်းထဲသို့ ပြတင်းပေါက်ကတစ်ဆင့် ကူးယှက်ဝင်ရောက်လာသည်။
ထိုအခန်းထဲမှာတော့ ပန်းတို့ရဲ့မွှေးရနံ့နဲ့အတူ ချိုမြိန်သောတယောသံလေးကိုပါ ခံစားရအောင် ကောင်လေးတစ်ယောက်က တီးခတ်နေသည်။တယောသံမှာလွမ်းမောဖွယ်ကောင်းသည့်တေးသွားဖြစ်သည်။သို့သော် ထိုတေးသွားကိုတီးခတ်နေသူကိုမူ ဝေယံတစ်ယောက် မည်သည့်အခါမှ မမြင်ခဲ့ရပေ.....။
တယောတီးနေတဲ့ကောင်လေးတစ်ယောက်နဲ့ ပန်းခင်းတွေရှိတဲ့အိမ်လေးအကြောင်းကို ဝေယံ အမြဲအိပ်မက်မက်လေ့ရှိပါတယ်။အိမ်မက်မက်မက်တိုင်းလည်း တယောပိုင်ရှင်လေးကိုကြည့်ဖို့ ဝေယံကြိုးစားခဲ့တယ်။ဒါပေမဲ့ ကြည့်မယ်လို့ပြင်တိုင်း မူးမေ့သွားသလို ခံစားရပြီး အိပ်ရာကနိုးလာစမြဲပါ။ခုလည်း ထုံးစံအတိုင်းပဲ တယောပိုင်ရှင်လေးကိုမမြင်ခင် နိုးလာခဲ့ပါပြီ။
ဝေယံအိပ်ရာကနိုးတော့ အိပ်ရာဘေးက အချက်ပေးခလုတ်လေးကို တီးလိုက်တယ်။ခလုတ်လေးက အသံမြည်ပြီးမကြာခင်ပဲ ဝေယံရဲ့အခန်းထဲကို လူတစ်ယောက် ဝင်လာတယ်။ သူကတော့ ဝေယံရဲ့သူနာပြုလေးပါပဲ။
"အစ်ကိုလေး နိုးလာပြီလား။ဦးငယ်က မနိုးသေးဘူး။ ရေချိုးမျက်နှာသစ်ဖို့ ကျွန်မပဲတွဲပေးမယ်နော်။"
"ရပါတယ်။ဦးငယ်နိုးမှပဲ ရေချိုးတော့မယ်။သူ မနိုးသေးရင် ကျွန်တော်ပြန်မှေးလိုက်ဦးမယ်။ခေါင်းနည်းနည်းကိုက်နေလို့။ဦးငယ်နိုးရင် ကျွန်တော့်ဆီလွှတ်လိုက်ပါ။ဒါနဲ့ ခုဘယ်နှစ်နာရီလဲ။"
