Dead in Love
အပိုင်း (16)
Sunday . 2:00AM
ညကြီးသန်းခေါင် ၀င်လာသော ဖုန်းသံကြောင့် စိတ်ညစ်ငြူးစွာ ခေါင်းကုတ်ရင်း ဖုန်းကိုင်လိုက်သော Cavin မှာတော့ တဖက်က ကြားရသူအသံမှာ Saint ဖြစ်နေတာကြောင့် စိတ်တိုနေသောစိတ်ကို လျော့ချလိုက်သည်။
“Saint ..မင်းကွာ ငါအ်ိပ်ကောင်းနေတာကွ”
“မင်းအိပ်ကောင်းလည်း ငါမတတ်နိုင်ဘူး ဟေ့ကောင်..မင်းကို ပြောစရာရှိတယ် ..ထွက်ခဲ့ .ဆုံနေကြ Bar မှာဆုံမယ်”
“ဟမ်..ဟေ့ကောင် ည နှစ်နာရီကွ..အခုခါမှ ဘာထဖြစ်နေတာလဲ”
နာရီကြည့်ကာ Cavin ပြောလိုက်သည်။
“ငါအချိန်မသိဘူး..ငါဘယ်လိုမှအိပ်မရဘူး..မင်းကိုတိုင်ပင်မှဖြစ်တော့မယ်..ဟေ့ကောင်မင်းလာမှာလား? မလာဘူးလား?”
“လာမယ်ကွာ..လာမယ်..နာရီဝက်အတွင်းရောက်မယ်..ဟုတ်ပြီလား”
“!!!”
“အွေး..နှုတ်တောင်မဆက်ဘဲ ဖုန်းချသွားတယ်..ဒီကောင် ဘာဖြစ်နေတာလဲ..Eeeee..နှိပ်စက်ဦးကွ ငါ့ကောင်ရ”
ကုတင်ပေါ်က ကုန်းရုန်းထကာ အလျင်အမြန်ပြင်ဆင်လိုက်ရတယ်
•••••••••••
“အသည်းအသန်နဲ့ ဘာဖြစ်နေတာလဲ?”
သောက်နှင့်နေပြီဖြစ်တဲ့ Saint ရဲ့ကျောပြင်ကို နောက်ကနေ ပုတ်ကာ မေးရင်း စားပွဲတွင် မျက်နှာချင်းဆိုင် ၀င်ထိုင်လိုက်သည်။
Saint က Cavin ကိုတချက်သာ ကြည့်လိုက်ပြီး မီးရောင်လင်းထိန်နေသော အပေါ်စီးမှ မြင်နေရတဲ့ မြို့ပတ်ဝန်းကျင်ကို မှန်နံရံတွေမှ ကျော်ကာ ငေးကြည့်နေလိုက်သည်။
လေးနက်လွန်းနေသော Saint ကိုကြည့်ပြီး Cavin စကားမဆိုသေးဘဲ Saint ပြောအလာကို စိတ်ရှည်စွာ ထိုင်စောင့်ပေးနေလိုက်တယ်
“Cavin”
“ဖလူးးး..ဟေ..အေး”
အရက်စသောက်ခါမှ ဗြုန်းစကြီးထခေါ်လိုက်တဲ့ Saint ကြောင့် ဖရိုဖရဲအခြေအနေဖြစ်ကာ ပါးစပ်မှ သောက်လက်စ အရက်က ‘ဖလူး’ ဆိုသော အသံနဲ့အတူ အနည်းငယ် အပြင် ခုန်ထွက်သွားရတဲ့ အဖြစ်နဲ့အတူ အလျင်အမြန် ထူးလိုက်ရသည်။
Saint က Cavin ကို ပြန်လှည့်ကြည့်လိုက်ပြီး
“ငါ ရူးနေပြီထင်တယ်”
“ဟေ.”
“ဟုတ်တယ်..ငါရူးနေတာဖြစ်မယ်”
“အရူးက ရူးတယ်လို့ ၀န်ခံတာဒီတခါပဲ ကြားဖူးတယ် ဟားးးးဟားးးးးးးးးးး”
“C A V I N”
အသံခပ်မာမာဖြင့် ခေါ်လိုက်သော Saint အသံကြောင့် Cavin ရယ်သံ တိခနဲ ပြတ်ကျသွားရသည်။
“အေးပါကွာ..မင်းကလဲ ..စိတ်ချည်းပဲ..ပြော..ဘာတွေဖြစ်နေလဲ?”
“ငါ လူတယောက်ကို စိတ်ဝင်စားနေတာလားမသိဘူး”
“ဘယ်လို”
“ဟုတ်တယ်..Dao ထက် ပိုပြီး စိတ်ကျွံဝင်နေသလားလို့”
“မင်း ငါနားလည်အောင်ပြောရင်ကောင်းမယ်..ငါမသောက်ရသေးဘူး မူးနေပြီကွ”
“ငါ..ငါ..”
မ၀ံ့မရဲ အကြည့်ဖြင့် Cavin ကို ကြည့်ကာ စကားတွေ တွန့်ဆုတ်ကာ လမ်းပျောက်နေခဲ့တယ်
“ပြောပါ..မင်းအကြောင်း ငါမသိတာ ဘာမှမှ မရှိတာ”
“ငါ .. Perth ကို စိတ်ဝင်စားနေတာလားလို့”
“ဘာ.”
အသံက ရုတ်တရက်ကျယ်လောက်စွာ ထွက်ပေါ်လာခဲ့သည်။
“မင်းကလဲကွာ”
အံ့သြနေသော Cavin ကို သိမ်ငယ်သော အသံ Tone ဖြင့်ပြောလိုက်ပြီး ခေါင်းငိုက်စိုက်ကာ နေမိတယ်
“ငါ အရမ်းအံ့သြသွားလို့ပါကွာ..ဘာလို့ မင်းက အဲလိုထင်တာလဲ.”
“ငါ.. ဒီတပတ်လုံး သူအနားမှာမရှိတာ တခုခုလိုအပ်နေသလိုခံစားချက်ကြီးဖြစ်နေတယ်”
“မင်းတို့ ဆုံတာအခုမှ သုံးလကျော် လေးလ၀န်းကျင်ပဲ ရှိသေးတာ အဲ့လောက်ထိဖြစ်သွားလား?”
“ငါမသိဘူးကွာ..သူနဲ့ငါ တခါမှ မတည့်ဘူး..ဒါပေမဲ့ ကျန်ခဲ့တဲ့ Monday က ငါနေမကောင်းလို့ သူ အိမ်လိုက်ပြီး ငါ့အလုပ်တွေကူပေးတယ်..ငါ့ကို ထမင်းလည်းချက်ကျွေးတယ်.. ပြီးတော့ အိပ်ရာနိုးတော့ ကလေးလေးလိုပဲ ငါ့ရင်ခွင်ထဲ အိပ်နေတာအရမ်းဖြူစင်တယ်..သူရှိနေတဲ့ အချိန်မှာ ငါ့အိမ်က အရမ်းစိုပြေတယ် .. ငါ အထီးကျန်တယ်လို့ မခံစားရဘူး .. နဂိုလည်း Dao ခဏခဏလာနေပေမဲ့ မတူဘူးဖြစ်နေတယ်. သူရှိနေတာက ငါ့အိမ်မှာ ဆည်းလည်းတခုရှိနေသလိုပဲ..သာယာနေတယ်..ငါပျော်နေတယ်.. အိပ်ရာထချိန် ဘေးမှာ သူရှိနေတာက ငါ့ကို ပြည့်စုံစေသလိုခံစားရတယ်..အဲ့နေ့ကတည်းက သူ့ကို ငါ့မျက်လုံးထဲ ဂျစ်တူးဆိုတာကို မမြင်တော့သလိုပဲ..ပြီးတော့ ရုံးမှာလည်း နေရတာ ဟာတာတာနဲ့ကွာ”
“အဲ့ဒါနဲ့ပဲ မင်းက သူ့ကိုစိတ်ဝင်စားနေတယ်လို့ ထင်တယ်ပေ့ါ”
“အဲဒါတင်မဟုတ်ဘူး Cavin..ငါ ဒီရက်ထဲ ညနေတိုင်း Dao နဲ့တွေ့တယ်..ဒီနေ့ထိပဲ..ငါ့ဘေးမှာ Dao ရှိနေသားနဲ့ကို ငါ သူ့ကိုသတိရနေတယ်.”
“!!!”
စကားစကို မဆက်သေးဘဲ Cavin အရိပ်အခြေအကဲခတ်တော့ တိတ်ဆိတ်စွာ စိတ်ဝင်တစား နားထောင်နေတာမို့ ရင်ထဲ ဖြစ်ပေါ်နေသမျှကို ဆက်လက်ပြောဆိုလိုက်သည်။
“ဒီနေ့ Dao နဲ့ အတူ အိမ်မှာ ညစာစာအတူစားတယ်..အဲ့တော့လည်း ငါ့မျက်လုံးထဲ Perth နဲ့အတူ ညစာစားခဲ့သမျှ အပြုအမူတွေပဲ မြင်ယောင်နေတယ်..တအိမ်လုံးမှာ Perth ရဲ့ ပုံရိပ်တွေပဲဖြစ်နေတယ်.. Dao ကို ရင်ခွင်ထဲ ထည့်ထားရင်းတောင် ငါ့ သူ့ကို လွမ်းနေတယ်.. နောက်ဆုံးကွာ ငါ Dao ကို နမ်းဖို့ကိုတောင် နမ်းလို့မရဘူး သူ့နှုတ်ခမ်းကိုပဲ မြင်ယောင်နေတယ်..Cavin လုပ်ဦးကွာ..ငါရူးနေပြီထင်တယ်”
“မင်းရူးနေတာလဲ မဟုတ်ဘူး.perth ကိုစိတ်ဝင်စားနေတာလည်း မဟုတ်ဘူး”
“ဒါဆို ငါဘာဖြစ်နေတာလဲ”
“မင်း ချစ်နေတာ”
“ဘာ”
ဒီတခါ ကျယ်လောင်သောအသံပိုင်ရှင်သည် Saint ဖြစ်၏။
“တစ်အချက်..မင်းတို့ မတည့်ရခြင်းကနေ မင်းစိတ်ထဲ သူ မသိမသာရောက်နှင့်နေပြီ
နှစ်အချက်.. တစ်ရက်တာလေးရှိနေရုံနဲ့ မင်းကို အထီးကျန်စိတ်ပျောက်စေတာကြောင့် မင်းသူ့ကို တောင့်တနေပြီ
သုံးအချက်.. မင်းကိုယ်တိုင်လည်း Dao ကို သူနဲ့ပတ်သက်တဲ့ပြသနာကနေအစပြုပြီး စိတ်ပြတ်သားနေလို့ Perth အလွယ်တကူမင်းစိတ်ထဲ ရောက်လာနိုင်တာ
လေးအချက်.. မင်းမိသားစုဆိုတဲ့ ခံစားချက်ကို သူ့ဆီက ရလိုက်တယ်ထင်တယ်.. အဲဒါကြောင့် မင်းခံစားချက်တွေရှောင်လွှဲမရဖြစ်နေတာ
ငါးအချက်.. မင်း Gay နေပြီ ဟားးးး”
“ဟေ့ကောင်..”
Saint ပိတ်ပေါက်ပစ်လိုက်သော Tissue Box ကို ရှောင်ရှားရင်း အော်ဟစ်ရယ်တော့သည်။
“ဟားးဟားးး.”
“မင်း နောက်မနေနဲ့ကွာ..ငါတော်တော် စိတ်ရှုပ်ထွေးနေလို့ မင်းကို တိုင်ပင်နေတာ”
“အေးပါကွာ..ငါက မင်းစိတ်သက်သာအောင် စတာပါ.”
“မသက်သာဘူးကွ..ငါ Gay မဟုတ်ဘူး”
“Saint..မင်း Gay မဟုတ်တာ ငါသိပါတယ်.. ဒါပေမဲ့ ယောက်ျားတယောက်ကို ချစ်ကြိုက်မိတဲ့ယောကျာ်းတိုင်းက ခြောက်လို့ ချစ်ကြိုက်တာမှမဟုတ်တာ”
“ငါဘာလုပ်ရမလဲ Cavin”
“မင်း တားဆီးနိုင်လား မင်းစိတ်ကို”
“ငါ ကြိုးစားတာပဲ..သူ့ကိုသတိရတိုင်း Dao ကို သွားတွေ့တယ်..ဖုန်းပြောတယ်”
“ရလား”
“ရမှတော့ မင်းဆီအခုလိုရောက်နေမလားကွ”
“Saint..အချစ်ဆိုတာ မင်းလုပ်နေတဲ့အလုပ်လို ဖြေရှင်းလို့ရတဲ့ ပြသနာတွေမဟုတ်ဘူး..အချစ်ဆိုတာ ဆန်းကြယ်တယ်..ရိုးရှင်းတယ်..အနုစိတ်တယ်.”
“!!!”
စကားမပြန်ဘဲ စူးစိုက်ကာ ကြည့်လိုက်တော့
“ငါက မင်းလိုချစ်သူတော့ မရှိပေမဲ့ ငါလည်း အချစ်ဆိုတာကိုတော့ နားလည်ပါတယ်ကွာ.. အဲလိုလာကြည့်မနေနဲ့”
“!!!”
“အခုမင်းဖြစ်နေတာ အချစ်ပဲ.. မင်းအချစ်ကိုအချစ်လို့လက်ခံလိုက်ရင် မင်းအခုလို စိတ်ရှုပ်ထွေးနေတာတွေ ပျောက်သွားလိမ့်မယ်”
“ငါ သူ့ကိုတကယ်ချစ်နေတာလား?”
“မင်း မသိသေးဘူးလား?”
“!!!”
“ဒါဆို မင်း သူ့အကြောင်းပဲ မတွေးပဲနေနိုင်လား?”
“ဟင်”
“ငါအခုလိုပြောတဲ့တခဏတောင် မင်း သူ့ကိုမြင်ယောင်မိလိုက်ပြီမလား?”
အမှန်ပါ..ပြောနေရင်း၊ တားဆီးနေရင်းကို ဦးဏှောက်ထဲ တိုးတိုးဝင်လာတဲ့သူ့အကြောင်းရယ်
မျက်လုံးထဲ ထပ်ခါထပ်ခါ ပေါ်နေတဲ့ မြင်ရခဲတဲ့ အပြုံးလေးရယ်
တဒိတ်ဒိတ်ခုန်နေတဲ့ ရင်အစုံနဲ့ အာရုံထဲ ထင်ဟပ်နေတဲ့ နှုတ်ခမ်းရဲ လေးရယ်
ဘယ်လိုဖျောက်ဖျက်ရမလဲ တွေးမရအောင်ပါပဲ
“ဒါပေမဲ့ ငါ့မှာ Dao ရှိတယ်..ပြီးတော့ သူလည်း ငါ့ကိုမှ မချစ်တာ..ငါတားဆီးမှဖြစ်မှာပေါ့ Cavin”
“မင်းကို သူချစ်မချစ်ကတော့ မင်းကံတရားပဲ..ဒါပေမဲ့ Dao ကို မင်းချစ်ခြင်းမချစ်ခြင်းက မင်းနှလုံးသားနဲ့ဆိုင်တယ်”
“Dao က ငါ့ချစ်သူအဖြစ် သုံးနှစ်တောင်ရှိနေခဲ့တာ..ငါ သစ္စာမဖောက်ရက်ဘူး.”
“ဒါဆို မင်းဘာလို့ လက်ထက်ခွင့်ပြန်တောင်းဖို့ မလုပ်ဖြစ်သေးတာလဲ”
“ငါ Perth ကြောင့် ပြသနာဖြစ်ပြီးကတည်းက ငါ့အတွက် Dao က တသက်လုံးရှိနေနိုင်ပါ့မလားဆိုတဲ့ အတွေးဝင်သွားတယ်..အဲ့နောက်ပိုင်းမှာ လက်ထပ်ခွင့်တောင်းဖို့နဲ့ လက်ထပ်ဖို့ကို ပြန်စဉ်းစားမရဖြစ်နေတယ်”
“အဲဒါ မင်း Perth အပေါ်ခံစားချက်ရှိပြီးမှဖြစ်လာတာလား?”
“ဟာ..အဲလိုမဟုတ်ပါဘူး..သူ အလုပ်ကိုရောက်မလာခင် ပြန်မတွေ့ခင်ကတည်းက ငါဖာသာ ငါ့စိတ်ငါ ပြန်စုစည်းမရဖြစ်နေတာပါ..Perth ကြောင့်မဟုတ်ပါဘူး”
“ဒါဆို အဖြေကရှင်းတယ်လေ..မင်း စိတ်က Dao ကိုလက်ထပ်ဖို့ စိတ်ဖိစီးနေမိတာက Perth ကြောင့်မှာမဟုတ်တာ.. လူတယောက်ချစ်မိလို့ လက်ရှိလူကို ပစ်ပယ်ရင်တော့ ဒါသစ္စာဖောက်တာပေ့ါကွာ.. အခုက perth ကို မချစ်မိခင်ကတည်းက မင်း Dao အပေါ် စိတ်ပြောင်းလဲနေတာပဲ..ဒါကိုကလည်း Perth မင်းရင်ထဲ ရောက်လာဖို့ နေရာပေးလိုက်သလိုဖြစ်သွားတာ..”
“ဟူးးးးးးး”
“စိတ်ရှုပ်မနေနဲ့ ဟေ့ကောင်.. အချစ်ရေးက ဦးဏှောက်နဲ့ဆုံးဖြတ်လို့မရဘူး.. နှလုံးသားနဲ့ဆုံးဖြတ်.. ငါအခုပြောချင်တာကတော့ မင်းဖာသာ Perth ကိုချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ.. အဲဒါ တကဏ္ဍထား ..အခု မင်း Dao အပေါ် ထားတဲ့ ချစ်စိတ်ကို အရင်သုံးသပ် ဆုံးဖြတ်..”
“အေးပါကွာ..ငါ ကြိုးစားပြီးအကောင်းဆုံးနည်းလမ်းကို စဉ်းစားပါ့မယ်..အခု မင်းကို ရင်ဖွင့်လိုက်တော့ နည်းနည်းတော့ အဆင်ပြေသွားပါတယ်”
“အေး..”
“ဒါနဲ့..မင်း ငါ့ကို ဘယ်လိုထင်သွားလဲ? ငါက ရယ်စရာဖြစ်နေလား?”
“ဟေ့ကောင်ရ..ဘာကို ရယ်စရာဖြစ်မှာလဲ? ယောက်ျားတစ်ယောက်ကိုချစ်မိရုံမိနဲ့ မင်းလူညွှန့်တုံးမသွားဘူး .. အချစ်က အချစ်ပဲ..ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ ..ချစ်မိရင် ဒါကအချစ်ပဲ.. ငါလည်း ဘယ်လိုလူကိုချစ်မိသွားမလဲ မသိနိုင်ဘူး.. ဒါပေမဲ့ ငါချစ်မိတဲ့သူက ငါ့ကိုလည်း ချစ်မဲ့ လူသားတယောက်ဖြစ်နေဖို့ပဲလိုတယ်.. အဲ့အတွက် ငါ တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်နေမှာမဟုတ်ဘူး.”
“ကျေးဇူးကွာ..တကယ်တမ်းသာ ငါ Perth ကိုချစ်နေပြီဆိုရင် သူလည်း ငါ့ကိုပြန်ချစ်နိုင်ပါ့မလား? ငါ အဲလိုတွေးလိုက်တာနဲ့တင် ငါ ရင်ထဲဝမ်းနည်းနေတယ်..”
“နှလုံးသားက ဆုံးဖြတ်ပေးလိမ့်မယ်..အရမ်းတွေးမနေနဲ့..အချိန်တခုတော့ မင်းစောင့်ပေါ့”
“အင်း”
“ကဲ..မင်းကြိုက်သလောက်သောက်တော့ .. ဒီတခါလည်း မင်းအိမ်ကို ထမ်းပို့ပါ့မယ်ကွာ.. စိတ်ကြိုက်သာသောက်”
“အေး..သောက်မှာ”
“သောက်ကွာ..ချ”
‘မူးပြီး မင်းကို မေ့သွားရင်ကောင်းမယ် ကောင်လေး.. ငြိမ်သက်နေတဲ့ငါ့ဘ၀ကို မင်းဒုက္ခလာပေးတာပဲ.. မင်းကိုအပြစ်တင်ရမလား? ကံကြမ္မာကိုလား? ငါ့ကိုယ်ငါ အပြစ်တင်ရမလား? ရူးတော့မယ် ကောင်လေးရာ’
•••••••••••
Sunday . 11:00AM
ဆူညံ့စွာ မြည်လာတဲ့ ဖုန်းသံကြောင့် အိပ်ရာနိုးလာကာ ဖုန်းကိုဖြေလိုက်တယ်။
ကုတင်ပေါ် ညက အ၀တ်အစားမလဲပဲ ရှိနေတာကြောင့် ညက Cavin ပြန်ပို့ပေးလိုက်ရပြီဆိုတာ နားလည်လိုက်သည်။
ခေါင်းတွေကိုက်ခဲကာ ဘာဆိုဘာမှ မမှတ်မိ။
“ဟယ်လို..သဲ”
“မောင် 11နာရီတီးနေပြီ..ရုပ်ရှင်လိုက်ပြမယ်ဆို..”
“အာ..Sorry သဲ ရာ..မောင် ညက Cavin နဲ့ သောက်တာများသွားတယ်..အခု သဲဖုန်းဆက်မှ နိုးတယ်.”
“လုပ်ပြီ..ဒါဆို သဲက ဒီနေ့ မကြည့်ရတော့ဘူးလား?”
“မောင်.ခေါင်းတွေအရမ်းကိုက်နေတယ်..ဖြစ်နိုင်ရင် ညနေပွဲမှ ကြည့်ပါလား?”
“မောင်ကလဲ..သဲက ကြည့်ချင်နေတာကို.. မောင် အဆင်မပြေရင် သဲဖာသာ သူငယ်ချင်းတွေနဲ့ သွားကြည့်လိုက်မယ်”
“အင်း..သဲအဆင်ပြေရင်သွားလေ..မောင် နောက်တခါလိုက်ပို့ပါ့မယ်”
“ပြီးရော..သက်သာအောင်နေဦး”
“အင်းပါ”
ဖုန်းချပြီးနောက် ကုတင်ပေါ်ထိုင်ရင်း နားထင်နှစ်ဖက်ကို လက်နဲ့ညှပ်ကိုင်ပြီး နှိပ်ငယ်ပြီး အနည်းငယ်ကြာမှ ကုတင်ပေါ်က ဆင်းကာ ထမင်းစားခန်းရှိရာလျှောက်လာခဲ့တယ်
ရေခဲသေတ္တာထဲမှ ရေဗူးကို ယူကာ ဖွင့်သောက်လိုက်ပြီး တင်းနေသော ဇက်ကြောကို အနည်းငယ်လျော့ပါးစေရန် ဘယ်ညာ ယမ်းခါလိုက်သည်။
ထို့နောက် ထမင်းစားပွဲမှာ ခဏထိုင်နေတယ်
ညကသောက်ထားသော အရက်ရဲ့ဒဏ်ကြောင့် ငယ်ထိပ်တည့်တည့်မှ တချက်ချက်စူးခနဲ ခံစားရသော ဝေဒနာရယ်
ဇက်ကြောမှသည် ဦးခေါင်းနောက်ဘက်တပြင်လုံး ထုံကာ အုံခဲနေသော ဝေဒနာရယ်
နားထင်ကြောနှစ်ဘက်လုံး ကိုက်ခဲမှုရယ်ကြောင့် သက်သာစေသော ဖျော်ရည်တခုခု သောက်ချင်စိတ်ရှိနေတယ်
မူးအောင်သောက်မိတိုင်း ခံစားရတဲ့ ဒီဝေဒနာကို သက်သာစေဖို့ မိုးလင်းတာနဲ့ Tomato Juice ဖြစ်ဖြစ် ၊ အုန်းရည်ဖြစ်ဖြစ် ၊ Coffee လေးတခွက်ဖြစ်ဖြစ် ဒါမှမဟုတ် သုံပရာရည် သို့ Green Tea လေးသာ အဆင်သင့်ရနေရင် ကောင်းမယ်ဟု ထိုင်ကာ တွေးနေတယ်။
“အားး..ခေါင်းအုံလိုက်တာကွာ”
ထိုင်နေရာမှ ထကာ အခန်းထဲ ပြန်ဝင်သွားပြီး ကုတင်ပေါ်ထိုင်ရင်း ဖုန်းကိုင်ကာ အိမ်မှ အိမ်အကူ တယောက်ယောက်ကို လာခိုင်းဖို့ စဉ်းစားလိုက်မိသည်။
သို့သော် လက်ထဲရှိဖုန်းမှ ရှာမိသော Contact Name သည် အိမ်ဖုန်းမဟုတ်ဘဲ ‘ဂျစ်တူး’ ဟု အမည်ပေးထားသော နာမည်လေးကို ရှာလိုက်မိပြီး တွေကာ ငေးကြည့်နေမိသည်။
လွမ်းသည်။အရမ်းလွမ်းသည်။
အလွမ်းဆိုတာ အချိန်မခါကန့်သတ်ထားခြင်းမရှိဘဲ မထင်ရင်မထင်သလို ရောက်ချလာတတ်သော စိတ်ခံစားမှုတခုဆိုတော့လည်း ထိုအချိန်မှာ အသံလေးတော့ကြားချင်သည်။
ဖုန်းကိုကိုင်ကာ ခေါ်သင့်မခေါ်သင့် တွေဝေနေချိန်မှာ သံစဉ်လေးတခုနဲ့အတူ ၀င်လာသော ဖုန်းအ၀င် Call လေးပေါ်မှ Nickname လေးကြောင့် နှုတ်ခမ်းအစုံ ကွေးညွှတ်ကာ ရင်ခုန်သံ တဒိန်းဒိန်းက တမြို့ လုံးကြားရလိမ့်မည်ထင်သည်။
“ပြော..ကောင်လေး”
အသံကို ပုံမှန် Tone ဖြစ်အောင် ကြိုးစားပြောထားပေမဲ့ ပြုံးမိနေတဲ့ နှုတ်ခမ်းလေးကတော့ ပျောက်ပျက်မသွားခဲ့ပေ။
“In Charge က Hand Write ထားတဲ့ ချိန်းမဲ့ drawing hard copy ပေးလိုက်တယ် အဲဒါ မနေ့က ရုံးပိတ်တော့ လာပေးလို့မရဘူး.. နက်ဖန် Monday ရုံးကို အရင်လာဖို့ကျတော့ ကျုပ် Site အရောက်နောက်ကျမှာ .. အဲဒါ ဘယ်လိုလုပ်ရမလဲ လှမ်းမေးတာ .. Monday ညနေမှ ရုံးလာပို့ရမလား? ဒီနေ့ ခင်ဗျားဆီလာပို့ထားပေးရမလား?”
ရေငတ်နေသူအတွက် ရေတပေါက်က အာစို စေသလို လွမ်းနေသူအဖို့ နတ်ဘုရားချီးမြှင့်တဲ့ လက်ဆောင်လို တန်ဖိုးရှိလှ၏။
“မင်း အခု အိမ်လာပို့လိုက်”
မဆိုင်းမတွ ဖြေလိုက်မိသည့် ကိုယ်ကိုယ့်ကိုတောင် အံ့သြမိတယ်။
‘ငါအရမ်းများသိသာသွားလား? ငါလွမ်းနေတာ သူရိပ်မိသွားမလားမသိဘူး’
“အခုတော့ မလာတတ်ဘူး..ကျုပ်သူငယ်ချင်းနဲ့ အပြင်ရောက်နေတယ်..ညနေပြန်မှ လာပို့ပေးမယ်”
“ဘယ်သူနဲ့လဲ”
‘Shit .. သေစမ်း ..ငါ ဘယ်လိုအသံနဲ့မေးလိုက်မိတာလဲ?. သေတော့မှာပဲ.. သူ့ဖာသာဘယ်သူနဲ့သွားသွားပေ့ါ. ငါက ဘာလို့ မလိုမကျစိတ်နဲ့ မေးလိုက်မိတာလဲ? အသံက သိများသိသာသွားလား?’
“ငယ်ကတည်းတွဲတဲ့ သူငယ်ချင်းတယောက်.. ဒီကောင့်အမေမွေးနေ့ ပစ္စည်းထွက်ဝယ်ရင်း မတွေ့တာကြာလို့ ဆုံတာ .. ကျူပ် ညနေလာပို့မယ်..ဒါပဲ”
ဖုန်းချသွားပြီးနောက်
‘ဒီကောင်..’လို့ ပြောသွားတာဆိုတော့ မိန်းကလေး မဟုတ်ဘူးပေါ့.’
ဘာမှန်းမသိ ကျေနပ်သွားတဲ့ စိတ်ကြောင့် အပြုံးတို့ အတောမသတ်နိုင်ခဲ့ပေ။
..........PART(16) END...........
