1

105 11 0
                                    

အပြုံးအရယ်နည်းသော်လည်း တစ်ခါတရံတွင် သူ့နှုတ်ခမ်းများ ပြုံး‌ရယ်သော အခါ အလွန် ကြည့်ကောင်းလေသည်။
မျက်လုံး များသည် အမြဲ ဆွေးရီလျှက် တည်တံ့သော နှုတ်ခမ်း တစ်စုံဖြင့် ဖွဲ့စည်း ထား သော သူ့မျက်ဝန်း သည် ကိုယ့်အတွက်တော့ ကဗျာ ဆန်သည် ထက်ကို ပိုနေသေး၏။

"အမေ့ကို ရော ချစ်လား"

ကိုယ်က ဒီလိုမေးတော့ သူက ချက်ချင်းမဖြေ။ ဗန်ဒါပင် ရိပ်အောက်က လေအေးအေး လေးတွေ ကိုယ့်ဆံစ တစ်ချို့ကို တိုက်ခတ်သွားတာကို ခံစား မိတဲ့ အထိတောင် တိတ်ဆိတ် သွား ရသည်။
ပြီးတော့ ကိုယ် မမျှော်လင့်သော စကားတစ်ခွန်း တိုးလျစွာ ထွက် ကျ လာသည်။

"ချစ်တာ မချစ်တာတွေ ကျနော်မသိဘူး
သူ့ကို ပြန်လုပ်ပေးရမှာတွေတော့ ရှိတယ်
မချစ်ဖူး ထင်တာပဲ အချစ်က ဘာလဲ ကျနော် မသိဘူး"

ကိုယ် သူ့ကို ငေးမိသည်။
တကယ်ဆိုရင် "အမေပဲ မချစ်ဘဲနေမလား" ဆိုတာမျိုး မျှော်လင့်ခဲ့တာ ဖြစ်သည်။ခုတော့
သူဖြေလိုက်ပုံက အေးဆေး တည်ငြိမ်စွာ..။
မျက်ဝန်းထောင့်က မှဲ့နက် ကလေး သုံးလုံး ကို ဘာရယ်မဟုတ်  ရေတွက် နေမိရင်း
စကား စ ရန်ခက်ခဲနေသွားရသည့် အထိပင်။
ကိုယ် ဘာ့ကြောင့် သူ့ကို ချစ်မိသွားပါလိမ့်။
စဉ်းစား၍မရနိုင်အောင် ဖြစ်နေမိရသည်။

အင်းလေ။
ချစ်ခြင်းမေတ္တာမှာ စဉ်းစားစရာမလို။
အဖြေ မလို။ ဘာမှ မလို။
ကိုယ်အတွေးတွေကဖြင့် ဒီလို။

သံပုရာရည်တွေကို မွှေရင်း
မှဲ့နက်လေး သုံးလုံးကို ခိုးငေးနေမိရသည်မှာလည်း ကိုယ့်အတွက် ပျော်စရာ ဖြစ်နေသည်။
တကယ့်ကို တည်ကြည်သော သူ့ ဆီမှ စကားတွေ သွန်ကျလာဖို့မှာလွယ်သည့်အလုပ်မဟုတ်။ သို့သော် ကိုယ်က လည်း ဆိုစရာ စကား ရှားပါးရလောက်အောင်ပင် စကားစ ရှာမရ ။ဒီလိုဆိုတော့ ချစ်ခြင်းမေတ္တာ ဟာ တိတ်ဆိတ် မှု များလား ဆိုပြီး တိတ်ဆိပ်စွာ ပင် ကျိပ်၍ ခေါင်းစဉ်‌တပ်နေမိပြန်သည်။

နွေနေပူထဲတွင် လေအေးကလေးက ဝေ့လာပြန်သည်။သူဟာ သူ့ရည်မှန်းချက်တွေ အကြောင်း ပြောရမည် ဆိုရင်တော့ မမောမပန်းနိုင်စွာ စကားဆိုနိုင်သော သာလိကာ ဖြစ်သည်။
သို့သော် သူ့ရည်မှန်းချက်များ အကြောင်း ကိုယ်က နားမထောင် လိုပါ။
ကိုယ်နှင့် အလှမ်း ကွာလှသော သူ့အိပ်မက်များ သည် ကိုယ်နှင့် သူ့ကို တစ်နေရာဆီ တွန်းပို့နေကြသော အနှောက်အယှက်များ သာ ဖြစ်လေ သည်။

ဒီတော့
အပြုံးအရယ် နည်းလှသော
နှုတ်ခမ်းလေးကို ငေးကြည့်နေရုံ...။

Memories ❤️Where stories live. Discover now