Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
--------------------
ရန်ရှီးနဉ်ကတော့ ယပ်တောင်ကလေးကို တဖျတ်ဖျတ်ခပ်လို့၊ တစ်စုံတစ်ရာကို ပူပင်နေရပုံပေါ်သည်။
ဖေ့ကျင်းလည်း ရန်ရှီးနဉ်ကိုယ်လေးကို သူ့ပေါင်ပေါ် ဆွဲပွေ့တင်လိုက်ပြီး သူမ နားအနား ကပ်တိုး၍ ပြောလိုက်တော့သည်။ "ရှင်မ၊ စိတ်ပူဖို့ မလိုတော့ပါဘူး... ကိုယ့်သူလျိုတွေက အိမ်တော်တွင်းက အစေခံတိုင်း၊ အမှုထမ်းတိုင်းကို စစ်ဆေးစုံစမ်းကြည့်ပြီးပြီ... အခု ဆုယွဲ့လည်း မရှိတော့ဘူးဆိုတော့ ရှင်မ စိတ်တိုင်းကျ နံရံပေါ် ဖက်တက်ချင်တက်... မြေကြီးပေါ် လူးလှိမ့်နေချင်လည်း နေလို့ ရပြီ..."
"ဘယ်သူက စိုးရိမ်နေလို့လဲ" ရန်ရှီးနဉ် ပြန်မေးဖြစ်လိုက်သည်။ ခုလေးတင် ဖေ့ကျင်းပြောသွားသည့်စကားက မိမိ ငယ်စဉ်ကလေးဘဝက အဖြစ်အပျက်များကို သတိရမိသွားစေသည်။ ရှက်ဖွယ်ကောင်းလိုက်လေခြင်း။ ရန်ရှီးနဉ်လည်း ဖေ့ကျင်းပေါင်ပေါ် ဆက်မထိုင်နိုင်တော့ဘဲ ထသွားမိသည်။ "ဘာနံရံကို တွယ်တက်ရမှာလဲ၊ အစ်ကိုကြီးပဲ အဲ့တုန်းက ကျွန်မကို တက်ခိုင်းခဲ့တာလေ... မြေကြီးပေါ် လူးလှိမ့်နေတယ်တဲ့လား... အဲ့ဒါလည်းပဲ အစ်ကိုကြီး လှည့်စားလို့ လုပ်ရတာ မဟုတ်လား..."
ရန်ရှီးနဉ် စိတ်ဆိုးသွားတာကို ကြည့်ပြီး ဖေ့ကျင်းတစ်ယောက် ပျော်ပျော်ကြီး ပြုံးနေခဲ့မိသည်။
ရန်ရှီးနဉ်လည်း ဖေ့ကျင်း မျက်နှာချင်းဆိုင်မှ ခုံတွင် ဝင်ထိုင်လိုက်၏။ သူမက အရေးမပါတာ၊ မလိုအပ်တာကို စိုးရိမ်ခဲ့မိသည်ပဲ။ ဖေ့ကျင်းမှာ ဝမ်းတွင်းပုပ်ဖြစ်ပြီး သူ့အပေါ် အကောက်ကြံရန် ရည်ရွယ်သူမှန်သမျှ ကံဆိုးမိုးမှောင်ကျမည့်သူများသာ ဖြစ်လေသည်။
"ဟွမ်းကော်အိမ်တော်က သတင်းပေးက ဆုယွဲ့ကို အဆိပ်ပေးထားတာ" ဖေ့ကျင်း ပြောလာသည်။ "ဟိုအရင်ကတည်းက ဆုယွဲ့အခန်းကို စစ်ဆေးကြည့်ဖို့ ကိုယ် ပေ့သိုကို ပြောပြီးသား... အရင်ကဆို ကိုယ့်အိမ်တော်ထဲရောက်လာသမျှ သူလျိုတွေကို ရှင်းပစ်လိုက်ဖို့ လက်မတွန့်ခဲ့ဘူး၊ ဒါပေမဲ့ ဆုယွဲ့ကျတော့ ဟွမ်ကော်ရဲ့ သူလျိုဖြစ်နေတယ်... မိဖုရားချန် ကိုယ့်မွေးစားမေမေဖြစ်ခဲ့ဖူးတာကို ထောက်ထားတဲ့အနေနဲ့ ဆုယွဲ့ ကိုယ့်ကို ထောက်လှန်းနေတာတွေကို မသိယောင် ဆောင်ပေးခဲ့တာ... ကိုယ့်လူတွေကို ဆုယွဲ့ကိုပဲ စောင့်ကြည့်နေစေလိုက်တယ်၊ ဟွမ်ကော်ကိုလည်း စိတ်မခုစေဘဲ ဆုယွဲ့ကို ပြန်ပို့ပေးလို့ရမယ့် နည်းလမ်းမျိုး ကိုယ်ရှာတယ်... အဲ့ဒါ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းကပဲ။ ကျန်းနန်ကနေ ကိုယ်ပြန်လာတော့ သူ့ကို ရှောင်နေရုံပဲ တတ်နိုင်တယ်... ပြီးတော့ သူ့ကို ဟွမ်ကော်အိမ်တော်ဆီ ပြန်ပို့လို့ ရမဲ့ အခွင့်အရေးကို စောင့်နေတာပေါ့လေ..."
YOU ARE READING
ဉာဏ်များလွန်းသော ခင်ပွန်းသည်
Historical Fictionဖေ့ကျင်းသည် ဝမ်းတွင်းမည်းမင်းသားတစ်ပါး...အပြင်လူတွေအမြင်မှာတော့ သူက တည်ငြိမ်အေးဆေးပြီး ကြင်နာတတ်သော လူကြီးလူကောင်းတစ်ယောက်... ရန်ရှီနဉ်ကတော့ သိုးရေခြုံနေသော ဝံပုလွေတစ်ကောင်ဖြစ်သည်...အပြင်လူတွေအမြင်မှာတော့ သူမဟာ...