အပိုင်း ၂

3.5K 40 0
                                    

(2)

လေနုအေးရဲ့တိုးတိတ်စွာပွတ်သပ်ကျီစယ်သွားမှု့ကို ရွက်ဝါလေးတွေက မြေပြင်ထက်မှရွေ့သွားသည်ဆိုရုံလေးဝေ့ဝဲလျက် မြေပြင်ထက် ပြန်ကျလာကာ ငြိမ်သက်စွာ တည်ရှိနေကြသည်။

"ပူလာပြီနော်..."

"အင်း...သစ်ရွက်ကြွေချိန်ဆိုတော့ လူက ရူးချင်သလိုလိုဖြစ်လာမှာသေချာတယ်"

"ငါတို့ဘဝတွေကရူးချိန်မရှိပါဘူး ကိုစစ်ရာ"

"ဆယ်တန်းတုန်းကဦးကြင်ဥရဲ့တပေါင်းညှာကျင်ကဗျာထဲမှာရေးထားတာ ခုလိုပုံစံကြီးဟ လွမ်းရမလိုလို ဆွေးရမလိုလိုနဲ့ "

"တော်စမ်းပါကွာ...စာရူးကဗျာရူးစကားတွေ လာမပြောနဲ့ လက်တွေ့ဘဝထဲမှာ အဲ့ဒါတွေက ဘာမှ အသုံးမကျဘူး"

စက်လှေတစ်စီးဖြတ်မောင်းသွားခြင်းကြောင့်လှိုင်းကြပ်ခွပ်လေးတွေ ကမ်းခြေသို့ ရိုက်ခတ်လာတာကို အဓိပ္ပါယ်မဲ့ငေးနေလျက် သဲသောင်ပြင်ထက် ပက်လက် အိပ်ချလိုက်သည်။

ကြည်စင်နေတဲ့မိုးသားပြာပြာအောက်မှာ ဘော်ငွေရောင် တိမ်စိုင်တို့က တည်ငြိမ်စွာဖြင့်တည်ရှိနေသည်။

"တိမ်တွေပေါ် ခုန်ချမလို့ လိုက်မလား ကိုစစ်"

"အမ်...ဘယ်တိမ်တွေပေါ်လဲ ပေါက်ကရတွေ လာမပြောနဲ့"

သဲသောင်ပြင်ပေါ် ပက်လက်လှဲနေရာမှ ဗြုန်းစားကြီး ထရပ်လိုက်တဲ့ နေကြီးကို ကြောင်တောင်တောင်ဖြင့်ကြည့်နေသည့် ကိုစစ်ရဲ့ မျက်ဝန်းတွေက နားမလည်ခြင်းများစွာဖြင့် ဖုံးလွှမ်းနေသည်။

"ထကွာ..."

လက်တစ်ဘက်ကို ဆွဲကိုင်ဆောင့်ဆွဲခံလိုက်ရခြင်းနှင့်အတူ ကိုစစ် သောင်ပြင်ထက် မတ်တပ်ရပ်လိုက်မိသည်။

"လာ...စာတွေရူးကဗျာတွေရူးတဲ့ကောင်ကို လက်တွေ့ပြမယ် ဟောဟိုမှာ မြင်လား တိမ်စိုင်တွေ"

ကြည်လင်စိမ်းမြနေသည့် မြစ်ရေပြင်သို့ လက်ညိုးထိုးညွှန်ပြနေလို့ ကြည့်လိုက်မိတော့ မြစ်ရေပြင်ပေါ်မှာ အရိပ်ထင်ဟပ်နေသောကောင်းကင်ပြာပြာကြီးနှင့် တိမ်စိုင်တိမ်လိပ်တို့ကို တွေ့လိုက်ရသည်။

ပကတိကောင်းကင်ပြင်ကြီးကိုမော့ကြည့်ရသည်ထက်ရေပြင်ပေါ်ထင်ဟပ်နေသောကောင်းကင်ပြာနှင့်တိမ်စိုင်တိမ်သားတို့ကပိုကြည့်ကောင်းတာပဲဟုအတွေးတို့အဆုံးသတ်သွားချိန်နှင့် တစ်ပြိုင်ထဲ

"ငါတော့တိမ်တွေပေါ် ခုန်ချပြီ...လိုက်ခဲ့တော့"

လှစ်ကနဲပြေးထွက်သွားခြင်းနှင့်အတူ ကမ်းစပ်မှနေ၍ ရေထဲသို့ နောက်ဂျွမ်းတစ်ပတ်ခုန်ချလိုက်သည်။

"ဗွမ်း..."

"ဟဟားဟား...လာကိုစစ်"

ရေထဲမှာ လက်ပြစ်ကူးနေရင်း လှမ်းပြောလိုက်တဲ့ နေကြီးကို လျှာထုတ်ပြောင်ပြလိုက်ကာ ဒူးဆစ်မြုပ်ရုံလောက် ရေအနက်မှာ ထိုင်ချလိုက်သည်။

"ဟာ...မရဘူး မရဘူးကွာ လာ ခါးအနက်လောက်ထိဆင်းရေချိုးမယ်"

"သေလိုက်ပါ့လား မင်းက ဟိုတခါလို ငါ့ကိုရေထဲဆွဲချသွားရင် ဒီတခါတကယ်သေမှာ"

"ငါမလုပ်တော့ဘူးလို့ကတိပေးထားတယ်လေ ဧရာဝတီမြစ်ရှိတဲ့မြို့မှာကြီးပြီး ဒီအရွယ်ထိမြစ်ဆိပ်ထဲရေလာလာချိုးနေပြီးခုထိရေမကူးတတ်သေးတာတော့ မမိုက်ဘူးကွာ သိလား ကိုစစ်"

လက်တစ်ဘက်ကိုသေချာကိုင်ထားလျက်ခါးလည်လောက်ရှိသည့်နေရာသို့ဆွဲခေါ်ကာ

"ဒီလောက်အနက်မှာချိုးမှရေကသန့်မှာ...မင်းဒီနားမှာပဲချိုးနေဦးငါရေကူးလိုက်ဦးမယ်"

ငါးကလေးတစ်ကောင် ရေကူးနေသလို ဟိုမှသည်သို့ ကူးခတ်နေတဲ့ နေကြီးကို အားကျစွာ လှမ်းငေးနေရင်း ကိုစစ်တစ်ယောက် ပြုံးနေမိသည်။

တိမ်စိုင်တို့နောက်ကွယ် ...Where stories live. Discover now