အပိုင်း(၂၈)

269 14 0
                                    

ဘာအကြောင်းရှိလို့ အခုမှ ပြန်ပေါ်လာတယ်ကို မသိရသေးခင်မှာဘဲ အန်တီတာက ထိုမြွေကြီးကို အိမ်ထဲသို့ ခေါ်လာတယ်။ ကူရှင်သုံးလေးခုလောက်ဆင့်ပြီး ထပ်ပေးကာ အပေါ်မှာခြုံရန် ဂွမ်းကပ်စောင်တွေ ထုတ်ယူပြီး သူမဘက်ကိုလှည့်ပြောတယ်။
      "မြွေတွေက ဆောင်းခိုတတ်ကြတယ်လေ၊ နွေးနွေးထွေးထွေးနေရတာကိုကြိုက်ကြတယ်"
      "သူဘာလို့ရောက်လာတာလဲ"
မီးလင်းဖိုထဲ ထင်းချောင်းသုံး၊ လေးချောင်းစိုက်နေစဥ် မေးလိုက်တယ်။  
      "သူပြောမှာပေါ့"
      "ပြောမယ်? ကိုယ့် အိမ်မွေးတိရစ္ဆာန်နဲ့ပဲ စိတ်ချင်းဆက်သွယ်နိုင်တာမဟုတ်ဘူးလား"
      "မိသားစုဝင်အချင်းချင်းစကားပြောတာပဲ"
      "မိသားစုဝင်?"
      သူမ နားမလည်နိုင်စွာ ပြန်မေးလိုက်ပေမယ့် အန်တီတာကတော့ မဖြေဘဲ စောင်များကို ဖြန့်ပြီး မြွေကြီးပေါ်ကို လွှား ခြုံပေးနေတယ်။ အနားကိုကပ်သွားတော့ ခေါင်းထောင်လာတယ်။ သူမကိုသေချာစိုက်ကြည့်နေတယ်။ ပြီးတော့ အန်တီတာဘက်ကို လှည့်ပြီး ကြည့်တယ်။
      "ဟုတ်တာပေါ့၊ တကယ့် အမေတူသမီးပဲ"
      အန်တီတာက သူမဘက်ကိုလှည့်ပြီး ဂုဏ်ဆောင်ပေးလိုက်သေးတယ်။
      အန်တီတာက မြွေနဲ့တကယ်ပဲ စကားပြောနိုင်သည်ထင်တယ်။ ခေါင်းခါရမ်းနေသော မြွေရဲ့မျက်လုံးများကို ကြည့်လိုက် စကားတစ်ခွန်းပြောလိုက်နဲ့။
      "ဒီမှာပဲနေလေ။ ဘယ်တွေရောက်ခဲ့တယ်ဆိုတာ ဖြည်းဖြည်းချင်းပြောပြပေါ့။ အိမ်မှာတော့ တို့နှစ်ယောက်ပဲနေတာမို့ လွတ်လွတ်လပ်လပ်နေလို့ရတယ်"     
      ဒီတစ်ကြိမ်မှာတော့ တစ်ဖက်က အတော်လေးစကားပြောနေသည်ထင်တယ်။ သူမ မီးလင်းဖိုထဲကို ထင်းနှစ်ချောင်းလောက်ပစ်ထည့်ပြီး ရေကရားထဲကို ရေဖြည့်ပြီးအခန်းထဲပြန်လာတာတောင် အန်တီတာက ထိုင်ရာက မထသေး။
       သူမလည်း ဖတ်လတ်စ ကျိန်စာစာအုပ်ကို မီးလင်းဖိုနားမှာပဲ ထိုင်ပြီး ဖတ်နေလိုက်တယ်။ သိပ်မကြာပါဘူး၊ အန်တီတာ အနားကိုရောက်လာတယ်။ လှမ်းကြည့်တော့ မြွေကြီးက ခွေပြီး အိပ်ရာဝင်သွားပြီထင်တယ်။
       "အင်း..."
       အင်း အစချီပြီး လာတဲ့အန်တီတာရဲ့ မျက်နှာမှာ အကြောင်းတစ်ခုခုပါလာပုံရတယ်။
       "ဘာပြောမလို့လဲ"
       "နှစ်ရှည်လများရှာနေတဲ့ စုန်းရွာက သူတွေကိုရှာတွေ့ပြီ"
       ရုတ်တရက် မထင်ထားတဲ့စကားကြောင့် သူမ ကြက်သေသေသွားတယ်။ ထိုအချိန်တွေကို သူမ စောင့်နေတာမှန်ပေမယ့် ဒီလောက်မြန်ဆန်သွားမယ်မှန်း မမျှော်လင့်ထားခဲ့တာလည်း ပါတယ်။
       "ဘယ်မှာလဲ"
       "တိုက်ပျက်တစ်ခုထဲမှာ နေကြတယ်တဲ့။ နောက်လိုက်ရွာသူ၊ရွာသားတချို့နှင့် ရွာသူကြီးရှိတယ်လို့ပြောတယ်"
       နှစ်အတော်ကြာ ခြေရာဖျောက်နိုင်ခဲ့ပြီလို့ထင်ထားခဲ့ပုံရတယ်။ ကျိန်စာကိုကြောက်ပြီး ရွာကို ဖျက်သိမ်းသွားဟန်တူတယ်။ ရွာသူ၊ ရွာသားတွေလည်း တစ်ယောက်တစ်နေရာဆီထွက်သွားကြပြီး ရွာသူကြီးကတော့ အပေါင်းအပါတချို့နဲ့ ပုန်းခိုနေသည်ထင်တယ်။
       "ဘယ်လောက်ရှာရှာမတွေ့ခဲ့တာ သူတို့မှာ ထူးဆန်းတာတစ်ခုခုလုပ်ထားပုံ ရတယ်။ ဘာလဲဆိုတာ ခန့်မှန်းလို့မရပေမယ့် မကောင်းတာတော့ အမှန်ပဲ"
       အန်တီတာက သူမ လုပ်မည့်လုပ်ရပ်များကိုဟန့်တားလိုနေတယ်။
       "ဒါမျိုးတစ်နေ့ကြုံလာမှာကို သိလို့ ကြိုပြင်ဆင်ထားခဲ့တာပဲမလား"
       "တစ်ယောက်တည်းသွားလို့ဖြစ်ပါ့မလားဟယ်"
       ရန်ကြွေးတွေနဲ့မပတ်သက်ချင်တော့တဲ့ အန်တီတာက သူမကို စိတ်မချဖြစ်နေပုံရတယ်။
       "အနိုင် အရှုံးပဲ ရှိမယ့်ပွဲပဲ"
       သူမက စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်ရာက ထကာ အခန်းပြင်ကို ထွက်ဖို့ လှည့်၍ အန်တီတာကို ကျောခိုင်းမိလျက်။
       ပေါ့ပေါ့တန်တန်ပြောနေတဲ့ သူမကို အန်တီတာက နဂို စိတ်ချယုံကြည်မှုအားထက် လျော့နည်းစိတ်နဲ့ မေးခွန်းတွေထုတ်နေတာ ကိုရိပ်စားမိတယ်။
       "အကယ်၍..."
       "ဘဝမှာ ပတ်သက်ခဲ့မိတာ ဘာမှ မရှိလို့ နောင်တရစရာလည်း မကျန်ခဲ့လောက်ပါဘူး"
       နောက်ကျောဘက်မှ အန်တီတာက ဆက်ပြောတယ်။
       "မိသားစုရေးမို့ တို့ နားလည်ပေးနိုင်ပေမယ့်၊ ဟိုကောင်လေးကိုရော.."
       "...."
       "ဟိုကောင်လေးကိုရော ဒီတိုင်းဘာမှ မပြောဘဲ ထားခဲ့တော့မလို့လား"
       အန်တီတာက သာကီ အကြောင်းဖော်ပေးတယ်။ ဘဝမှာရှားရှားပါးပါးပတ်သက်မိတဲ့ နောက်ဆုံးအမျှင်အတန်းက သာကီမင်းည။ အန်တီတာက သာကီနှင့် သူမကို တုပ်နှောင်စေခြင်းဖြင့် တားဆီးလိုနေတာ ပေါ်လွင်တယ်။ အထိန်းအကွပ်မဲ့တဲ့ ကြိုးစက နောက်ဆံတင်းစေမယ့် လွန်းကြိုးဖြစ်လာနိုင်တာကိုလည်းသူမ သိတယ်။ လေပြေကိုနမ်းတိုင်း လွင့်ဝဲသွားရတဲ့ ရွက်ကြွေတွေရဲ့ နိဂုံးက ဝေလိုက် ဆွေးလိုက်နဲ့ အဆုံးသတ် မလှတတ်။
       သူ့ကို တစ်ခေါက်တော့ ထပ်တွေ့ရဦးမှာပေါ့၊ နောက်ဆုံးအကြိမ် ဟုတ်မဟုတ်ကတော့ သူမ အကြောင်းတရားပေါ်မှာပဲ မူတည်တော့တယ်။

ရွှေပေလွှာပေါ်ရေးတဲ့ အနက်ရောင်မင် (Own Creation)Where stories live. Discover now