.. ၁၉၄ ..
6.4K 729 44
《Zawgyi》
အပိုင်း - ၁၉၄
[လက်မထပ်ခင် နေ့ရက်တွေ - ၂]
"ဟားဟား ပြန်စဉ်းစားကြည့်ဖို့မလိုပါဘူးဟယ် ... ဘာလို့ အချိန်ထပ်ဖြုန်းနေတော့မှာလဲ? ဘာပဲဖြစ်ဖြစ် ကျွမ်ကျူးက ငါ့ကိုစိတ်ဝင်စားတယ်ဆိုတာ ခဏပဲကို ... နောက်ထပ်ကောင်မလေးတစ်ယောက်ကို သူမျက်စိကျသွားတဲ့အခါကျရင် ငါ့ကိုမေ့သွားမှာလေ ... စိုးရိမ်နေဖို့မလိုတော့ပါဘူး"
ချင်းစုယွဲ့က ပွင့်ပွင့်လင်းလင်းပင် မှတ်ချက်ပြု၏။
"ဒါပေမယ့် နင် စိတ်မကောင်းဖြစ်နေတယ်လို့ ငါဘာလို့ခံစားနေရပါလိမ့်နော်?"
ကျုံချင်းရဲ့မျက်လုံးတွေ၌ တစ်စုံတစ်ရာက ဖြတ်ခနဲလက်သွားပြီးလျှင် ခေါင်းစဉ်လွှဲသွားသည်။
"သူ့အကြောင်းထပ်မပြောတော့ဘူး ... အဲဒီအစား လက်ထပ်ပြီးသွားတဲ့ ချန်းကတော်ကို  အင်တာဗျူးပါရစေဦး ... အိမ်ထောင်သည်ဘဝက ဘယ်လိုလဲ?"
"အရမ်းကိုကောင်းတယ်"
သူမကရယ်ပြီးဖြေ၏။
"ကျွတ်..ကျွတ် .. ဘယ်လိုတောင် မနာလိုစရာကောင်းလိုက်တာ"
"ငါ့ကိုမနာလိုဖြစ်မနေနဲ့ ... နင်လည်း အနှေးနဲ့အမြန် ဒီလိုဖြစ်လာမှာပဲ ဘယ်သူသိနိုင်မှာလဲလို့? ... နင်က ငါ့ထက် ပိုပျော်ရတာမျိုးတောင် ဖြစ်နိုင်သေးတယ်"
"ဟုတ်ပါပြီ"
ကျုံချင်းက ပြုံးလိုက်ရင်းဖြင့် နှစ်ဦးသား ထွေရာလေးပါးပြောကာ အခြားအကြောင်းအရာတွေဘက် ရောက်သွားသည်။
သူမတို့တွေ စကားပြောပြီး စားသောက်ကာ ရှောပင်ထွက်ပြီးချိန်တွင် ညဆယ်နာရီပင် ရှိပြီဖြစ်သည်။ လက်ထဲမှာ အိတ်တွေအများကြီးနှင့် ရှောပင်းမောထဲက ထွက်လာကြကာ ကျုံချင်းက ချင်းစုယွဲ့ကား ဘယ်နေရာမှာပါကင်ထိုးထားလဲ မေးလာ၏။
"ငါ မနေ့ကအိမ်ပြန်လမ်းမှာ အက်စီးဒန့်အသေးစားလေးဖြစ်တော့ ဒီနေ့ ချန်းစီနျန်လိုက်ပို့တာ ... ငါ့ကားက ဒီမှာမရှိဘူး"
"မနာလိုအားကျလာပြီဟေ့!"
ကျုံချင်းကဆိုသည်။
"ဒါဆို ဒီနေ့ ကျွန်မက ချန်းကတော်ကို ပြန်မောင်းပို့ရင်ရော ဘယ်လိုလဲ?"
သူမတို့နေတဲ့နေရာတွေက ဆန့်ကျင်ဘက်တွေဖြစ်သဖြင့် ထိုသို့သာလိုက်ပို့ပါက ကျုံချင်းတစ်ယောက်သူ့အိမ် မရောက်သေးခင်မှာပင် ညသန်းခေါင် ဖြစ်သွားပေလိမ့်မည်။
"မလုပ်ပါနဲ့ ... နင် တော်တော်ဒုက္ခများသွားလိမ့်မယ် ... ငါ ချန်းစီနျန်ကို ဖုန်းခေါ်ပြီး လာကြိုခိုင်းလိုက်မယ်"