Ep-36

2.7K 321 52
                                    

Unicode Version

တစ်ညလုံးစောင်ကိုကန်ချနေတတ်သောဇေယျတုအား အဂ္ဂက သူ၏တစ်ကိုယ်လုံးကိုပွေ့ဖက်ထားသောအခါမှ ရုန်းမရတော့သောဇေယျတုဟာ တစ်ညလုံးငြိမ်သက်စွာအိပ်နေသဖြင့် ယခင်လိုစောင်ထဲမှထွက်မသွားတော့ပေ။

မနက်ခင်းငါးနာရီခန့်တွင်ဇေယျတုတစ်ရေးနိုးလာသည့်အခါ သူဟာအဂ္ဂ၏လက်မောင်းကိုခေါင်းအုံးလုပ်၍အိပ်နေမိသည့်အပြင် သူ၏တစ်ကိုယ်လုံးကလည်းတင်းကြပ်စွာပွေ့ဖက်ခံထားရသည်ကိုအံ့သြဖွယ်တွေ့ရှိလိုက်ရသည်။

အဂ္ဂကမူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။ ထို့ကြောင့် ဇေယျတုလည်းသူ၏မျက်နှာကိုမော့ကာအနီးကပ်မြင်နေရသောအဂ္ဂ၏မျက်နှာကို စူးစူးစိုက်စိုက်ငေးနေမိသည်။ သူ့နည်းသူ့ဟန်ဖြင့်ယောကျ်ားပီသလွန်းသည့်အဂ္ဂဟာ အားကျဖွယ် Jaw Lineကိုလည်းပိုင်ဆိုင်ထားသေးသည်။

ဇေယျတုကမူ ခန့်ညားသောဥပဓိရုပ်ဟာအိပ်နေသည့်အချိန်တွင်ပင် ခမ်းနားနေဆဲဟုမြင်သည်။ မျက်စိရှေ့ကလူသားကို အပိုင်ရထားပြီဟူသောအသိကလည်း ခန္ဓာကိုယ်အနှံ့စီးဆင်းနေလေရာ တစ်ကိုယ်လုံးဟာချစ်ကြည်နူးမှုများတလွင့်လွင့်..။

ဇေယျတုလည်းမနေနိုင်မထိုင်နိုင်စွာဖြင့်နှစ်ကြိမ်နှစ်ခါမျှ ရင်းနှီးဖူးသောနှုတ်ခမ်းသားကိုလက်ညှိုးဖြင့်တို့ထိကြည့်မိသည်။

လွန်ခဲ့သည့်မိနစ်ပိုင်းကနိုးနေပြီဖြစ်သောအဂ္ဂကလည်း အိပ်ချင်ယောင်ဆောင်နေရင်းမှ သူ၏နှုတ်ခမ်းကိုတို့ထိနေသောလက်ချောင်းလေးကို အသည်းတယားယားဖြင့်ကိုက်ထားချင်စိတ်ကို ကြိုးစားပမ်းစားမြိုသိပ်နေရသည်။ ခိုးကြောင်ခိုးဝှက်ကောင်လေးကို မည်သို့နှယ်စနောက်လျှင်ကောင်းမလဲဟု တွေးတောနေမိခိုက် အရှေ့ရှိဇေယျတုထံမှစကားသံခပ်တိုးတိုးထွက်လာသည်။

"ကိုကို"

အဂ္ဂ၏နှလုံးသားဟာအပြင်ဘက်သို့ခုန်ထွက်ရန်တာဆူနေသည့်အလား အကြမ်းပတမ်းခုန်ပေါက်လာပြီး သူ၏နားကလည်း သကာရည်လောင်းချခံလိုက်ရသကဲ့သို့ချိုမြိန်မှုအတိပြီး၏။ နှစ်ခွန်းတည်းသောနာမ်စားလေးဟာ သူ၏ရင်ကိုဤမျှထိကိုင်လှုပ်နိုင်ရသလားလေ။

I Found My Prince Charming(Season 2)Where stories live. Discover now