၂၀၁၀ ၊ ဧပြီ ၊ ၁၂ရက်
" ဟတ်ချိုး "
မောင်သည် နှာခေါင်းကို ပွတ်ရင်း ငှက်ကလေး၏ မျက်လုံးအတွက်အရောင်ခြယ်ရန် စုတ်တံအား ဆေးစက်ခွက်ထဲသို့ နှစ်လိုက်သည်။
မျက်လုံးပိုင်းကို ဆေးစက်ချပြီးနောက် ငှက်ကလေး၏ ရုပ်ပုံသည် ပို၍ သက်ဝင်လာ၏။ ပြင်ပလောကကြီး၏အရသာအား ငံ့လင့်တောင်းတနေသော လှောင်ချိုင့်ထဲမှ ငှက်တကောင်၏ ပူဆွေးရိပ်များ။ မောင်သည် သူ လက်ရှိဖြစ်ပေါ်နေသော ခံစားချက်များအတိုင်း ရေးဆွဲခဲ့သောကြောင့် ဤပန်းချီသည် မောင့်၏လက်ရှိစိတ်ခံစားမှုများကို ထင်ဟပ်ပြသသော ပန်းချီကားတချပ်ဆိုရင်လည်း မမှားပေ။
" ဟတ်ချိုး "
" ဟတ်ချိုး .. "
မနေ့က ညမိုးချုပ်မှ ရေချိုးလို့လားမသိ။ ခန္ဓာကိုယ်က အနည်ငယ်နုံးပြီး ထိုင်းမှိုင်းနေသည်။
ထိုင်နေသည့်နေရာက လေကြောင်းကျသည်မို့ မောင်သည် ပန်းချီကားကို မြန်မြန်လက်စသပ်ပြီး အိမ်ထဲဝင်ဖို့ စိတ်ကူးလိုက်သည်။
" ဟတ်ချိုး "
" ဟတ်... ဟတ်ချိုး "
" ဒီလောက် နှာချေနေတာကို ဆက်ထိုင်နေသေးတယ် "
မလိုလားသံနှင့်အတူ စုတ်တံအား ဆေးခွက်ထဲသို့ ပြန်နှစ်မည့်ဆဲဆဲ မောင့်လက်ကောက်ဝတ်သည် တစုံတယောက်က ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။ မောင် မျက်လွှာပင့်ကြည့်လိုက်တော့ နှစ်မြို့ဖွယ်မကောင်းသော မျက်လုံးရိုင်းတွေနဲ့ ဆုံ၏။
" ဖယ်ပါ၊ ဘာမှမဖြစ်ဘူး "
" စေတနာရှိလွန်းလို့ပြောနေတာမဟုတ်ဘူး၊ ဖျားသွားရင် လူမမာကို ပြုစုရတာနဲ့ အလုပ်ရှုပ်လို့ "
" ဒါဆိုလည်း ဆေးကုပေးမနေနဲ့ပေါ့ဗျာ၊ ကျွန်တော်သေသွားလို့လည်း ထူးပြီး ဝမ်းနည်းနေမဲ့သူမရှိဘူး၊ ဒီလိုမျိုးနေရတာထက် သေသွားတာမှ ကောင်းဦးမယ် "
" မင်း ဘာစကားပြောတာလဲ "
ရှပ်အင်္ကျီလည်ပင်းမှ ဆောင့်ဆွဲလိုက်သဖြင့် ပေါင်ပေါ်တင်ထားသော ဆေးခွက်တို့ မြေခ၍ မောင်သည် ရိုင်း၏လက်သီးဆုပ်ထဲတွင် မြှောက်ခနဲပါလာသည်။
YOU ARE READING
ချစ်ခြင်းဋီကာ
Romanceကာရံညီ စည်းချက်ကျ ရင်ခုန်သံအား ဗဟိုပြု၍ ချစ်ခြင်းဋီကာ ဖွင့်ဆိုရသော်...။