ဖွင့်ဟဝန်ခံခြင်း - ၄

128 7 2
                                    

" မြတ်သောမောင် "

စာသင်ဝိုင်းကအပြန် ဘတ်စ်ကားဂိတ်မှာ ကားရပ်စောင့်နေတုန်း နာမည်ခေါ်သံကြောင့် ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ သားနားစွာ ဝတ်ဆင်ထားသော ရိုင်းက တဖက်လမ်းမကနေ မောင့်ဆီကို လက်ပြပြီး ကူးလာနေလေသည်။

" ခင်ဗျား ဘယ်လာတာလဲ "

" မင်းဆီကိုလေ "

ရိုင်းသည် မောင် ဖိတ်ခေါ်ထားခြင်းမရှိပါဘဲ ဘေးမှာ ဝင်ရပ်သည်။ သာမာန်လူတန်းစားနှင့် ကွဲပြားစွာဝတ်ဆင်ထားသော ရိုင်းအား ဘတ်စ်ကားဂိတ်မှ လူတိုင်းနီးပါးက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်ကိုလည်း ထိုလူက သတိထားမိပုံမပေါ်။

" ဘာကိစ္စရှိလို့လဲ "

" မင်း ပန်းချီကားချပ်တွေ လာယူဦးလေ "

" အော် အဲ့ကိစ္စလား။ မယူတော့ပါဘူး။ ကျွန်တော့်မှာ ထားစရာနေရာလည်းမရှိဘူး။ ခင်ဗျားတို့ရှုပ်နေတယ်ဆို လွှင့်ပစ်လိုက်လို့ရတယ် "

ထိုပန်းချီကားချပ်တွေကို ခေါင်းထဲကနေ ထုတ်ထားပြီမို့ အနည်းငယ် နှမြောမိယုံကလွဲ၍ လိုချင်တပ်မက်စိတ်လည်း ရှိမနေ။ ခုချိန်မှာ မောင် အလိုရှိဆုံးက ရိုင်းသည် သူ့ဘေးနားက ထွက်သွားဖို့ကိုပင်။

" အဲ့ဒါဆို ပန်းချီကားတွေအားလုံး ငါ ယူလိုက်လို့ရလား "

" အင်းရတယ်။ ခင်ဗျားစိတ်ကြိုက်လုပ်လိုက် "

မောင်သည် အလွယ်တကူခေါင်းငြိမ့်လိုက်ရင်း မီးပွိုင့်လွတ်သွား၍ မှတ်တိုင်ကို ဦးတည်လာနေသော ဘတ်စ်ကားကိုသာ မျှော်ကြည့်လိုက်သည်။

" ပြီးတော့ နောက်ထပ်တခု ကျန်သေးတယ် "

" ဘာလဲဗျာ "

စကားစရှည်နေသော ဘေးကလူကို မောင်စိတ်မရှည်တော့။ မနက်ခင်းကတည်းက ကော်ဖီတခွက်နှင့်သာ ဖြေသိမ့်ထားရသော ဝမ်းဗိုက်ကလည်း ဆန္ဒပြနေကြပြီ။

လက်ပတ်နာရီကိုကြည့်တော့ နေ့ခင်း ၁ နာရီထိုးတော့မည်။ အဆောင်မရောက်ခင် နောက် နှစ်မှတ်တိုင်ကျော်က စျေးဝယ်စင်တာမှာ နေ့လည်စာဝင်စားဖို့ ဘာသာ ဆုံးဖြတ်လိုက်သည်။

ချစ်ခြင်းဋီကာWhere stories live. Discover now