မျက်စိအောက်ကနေ ချန်းယောလ်ပျောက်သွားတာနဲ့ ဘတ်ဟျွန်းက အခန်းထဲက ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ကျသွားတယ်။
ဆံပင်တွေထဲ လက်တွေထိုးထည့်ပြီး ဆွဲဖွပစ်တယ်။
ဆိုဖာနောက်မှီပေါ်ကို ခေါင်းလှန်ချပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချတယ်။အဲ့ဒီပုံစံအတိုင်း အချိန်အတော်ကြာ ငြိမ်သက်နေတာကနေ ဆတ်ခနဲထထိုင်ပြီး လည်ပင်းကဆွဲကြိုးလေးကို အကြောင်းမဲ့ ဆုပ်ကိုင်ပြီး ငြိမ်သက်သွားပြန်တယ်။
ခဏနေတော့ ဒူးတွေတုန်လာတယ်။
ပြီးတော့ လက်တွေ တဆတ်ဆတ်တုန်လာတယ်။
နှလုံးခုန်သံ တဒိန်းဒိန်းနဲ့ သွေးကြောတွေ လှုပ်ခတ်နေတာကို ခံစားလို့ရနေတယ်။ဒီလိုပုံစံအတိုင်းဆို မဖြစ်တော့ဘူး ...
ကိုယ့်ကိုယ်ကိုယ် စိတ်ပြေလက်ပျောက် ဖြစ်လိုဖြစ်ညား အခန်းထဲ ဟိုဖက်ဒီဖက် လမ်းထလျှောက်ပစ်တယ်။
ဒါပေမဲ့ မျက်ရည်တွေပဲ ဝဲတက်လာခဲ့တယ်။
မဖြစ်ဘူး ... ငိုလို့မရဘူး ...
ချန်းယောလ်လီက သေချာပေါက်ပြန်လာမှာမို့ မျက်ရည်ကျလို့ မဖြစ်ဘူး။မျက်နှာကိုမော့ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မျက်ရည်တွေကို သိမ်းဆည်းပစ်လိုက်တယ်။
အနည်းဆုံး ၈ နာရီကြာမယ့် ခွဲစိတ်မှု ...
သူ့နှလုံးသားကို ဆွဲထုတ်ပြီး အသစ်အစားထိုးမယ်ဆိုတဲ့ အသိမှာ ကမ္ဘာတစ်ဖက်ကို လွင့်စင်သွားတော့မလိုပဲ။၈ နာရီထက်မနည်း သူ့ရင်ဘတ်ကို ဖွင့်ထားကြမှာ ..
၈ နာရီထက်မနည်း သူက အိပ်ပျော်နေရမှာဆိုတဲ့ အသိတွေမှာ အော်ဟစ်ပစ်ချင်လောက်အောင် ရူးချင်လာတယ်။ရှင်သန်လာသမျှ တစ်လျှောက်လုံးမှာ ဒီနာရီအပိုင်းအခြားလေးက အရှည်ကြာဆုံး ဖြစ်လိမ့်မယ်ထင်တယ်။
စိုးရိမ်ကြောက်လန့်စိတ်တွေက သွေးကြောတွေကနေ တစ်ကိုယ်လုံးကို စီးဆင်းသွားသလိုခံစားမှုမျိုး။
သူအိပ်ခဲ့တဲ့ ကုတင်ပေါ်တက်ပြီး သူ့တစ်နေရာစာချန်ကာ ဘေးကိုကပ်ပြီး ခွေခွေလေး လှဲနေလိုက်တဲ့အခါ ချန်းယောလ်လီဆီက ရနေကျ ဆေးနံ့သင်းသင်းလေးက ဆီးကြိုနေတယ်။