🍏

1.2K 87 9
                                    

[Unicode]

"သတိထားနော် ပန်းသီး ။ ဒီအုပ်စုက ငညစ်တွေများတယ်"

"ပန်းသီး သိတယ်။ ကိုကြီးဝသုန်လည်း လိုက်မှာမို့ စိတ်ချ boss ။ အာ့ဆို လစ်ပြီနော်"

အလဲအလှယ်လုပ်ရမည့် တစ်ဖက်အုပ်စုက နာမည်ကြီးဖြစ်သောကြောင့် သူမ တစ်ယောက်တည်း လှုပ်ရှားဖို့မလွယ်ပါ။ ထို့ကြောင့် ဒီလောကတွင် သူမအပေါ် အစ်ကိုအရင်းတစ်ယောက်လို ဆက်ဆံပေးသည့် ကိုဝသုန့်ကို အတူလိုက်ပေးဖို့ အကူအညီတောင်းထားခဲ့ခြင်းဖြစ်သည်။

ချိန်းဆိုထားသည့် ဆုံမှတ်နေရာရောက်တော့ ကြိုရောက်နှင့်နေသည့် ကိုဝသုန်က မှောင်ရိပ်ခိုကာ ဆေးလိပ်သောက်နေသည်။သူမကို လှမ်းတွေ့တော့ လက်ထဲမှဆေးလိပ်ကို ကပျာကယာပစ်ချရင်း ဖိနပ်ဖြင့် နင်းချေလိုက်သည်။

"ရောက်ပြီလား ပန်းသီး။ ပစ္စည်းကရော"

hoodieခေါင်းစွပ်ကို ဆွဲချွတ်ပြီး အောက်တွင်ထပ်ဆောင်းထားသည့် ဖောင်းကားကား လျှာထိုးဦးထုပ်ကို လက်ညှိုးထိုးပြတော့ ကိုဝသုန်က ခေါင်းညိတ်သည်။

"ဟိုကောင်တွေက နောက်ဆယ်မိနစ်လောက်နေမှ ရောက်မယ်။ ဒီကောင်တွေ ဂိတ်တစ်ခုဖြတ်ရမှာမို့ စစ်ဆေးခံနေရမှာ"

သူမ ခေါင်းတစ်ချက်ညိတ်ပြရင်း ကိုဝသုန့်ဘေးတွင် သွားရပ်ကာ အုတ်တံတိုင်းကို ခပ်လျှောလျှောမှီရင်း မြေပြင်ကိုသာ တွေတွေကြီး ငေးကြည့်နေမိသည်။ ဒီတစ်ခု လှုပ်ရှားပြီးရင် သူမ ဒီလောကထဲမှ ထွက်ခွါတော့မည်။

အချစ်ပိုကာ စေ့စပ်သေချာလှသည့် မမအား ထောင့်စေ့အောင် လိမ်ညာနေရသည်ကို သူမ လိပ်ပြာမလုံတော့။ တိုက်ခန်းစပေါ်ငွေကို ကာမိသည်အထိလည်း စုဆောင်းနိုင်ခဲ့ပြီမို့ သူမ ရပ်သင့်ပြီဟုထင်သည်။

ဒီနှစ် ဖြေဆိုပြီးလျှင် ကျောင်းလည်းပြီးပြီမို့ ငွေဖြူရမည့် သမာအာဇီဝလုပ်ငန်းတစ်ခုခုသာ ပြောင်းလဲ လုပ်ကိုင်ဖို့တွေးထားသည်။ ပိုက်ဆံကြောင့်သာလျှင် ဒီလမ်းလျှောက်ခဲ့တာမို့ သံယောဇဉ်ဖြတ်ဖို့ကတော့ မခဲယဉ်းပါ။

"အဆင်ပြေရဲ့လား ပန်းသီး"

"ဟင်.. ဪ ဟုတ်ကဲ့ အဆင်ပြေပါတယ်။ ပန်းသီး ဒါပြီးရင် ရပ်လိုက်တော့မလားလို့ ကိုကြီးဝသုန်"

• ပန်းသီး • Where stories live. Discover now