Chapter 3

673 108 4
                                    

Unicode:

သည်ရက်ပိုင်းအတွင်း အန်းနန်ထျန်း၏ မျက်နှာတွင် အပြုံးတစ်ခုပင် မရှိသော်လည်း သူ့နားမှ လူများက နားလည်ပေးထားကြ၏။

လတ်တလောတွင်မှ သားကို ဆုံးရှုံးခဲ့ရသူက အဘယ်သို့ ပြုံးနိုင်ပါမည်လဲ။

အန်းနန်ထျန်းက အပြုံးကို ထိန်းချုပ်ထားရုံမျှမက မျက်ရည်ကိုလည်း ထိန်းချုပ်ထားခဲ့၏။

"ဖျင်အာ .. ငါ့ရဲ့ ဖျင်အာလေး.."
အန်းနန်ထျန်း သူ့ဇနီး၏ အဆက်မပြတ်ငိုနေသံကို နားထောင်ပြီးနောက် ပို၍ပင် မသက်မသာဖြစ်လာခဲ့၏။ အခင်းဖြစ်သည့်နေ့က သူ့ဇနီးလျိုယွမ်က နံနက်စာစားရန် သားကို သွားခေါ်ခဲ့ရာ သွေးချောင်းစီးနေသော တုန်လှုပ်ချောက်ခြားဖွယ်မြင်ကွင်းကို မြင်လိုက်ရ၏။ ထိုနေ့ကတည်းက လျိုယွမ်က မအိပ်နိုင်တော့ပဲ နေ့ရောညပါ ငိုနေတော့၏။ အချိန်တိုလေးအတွင်းမှာပင် ၁၀ ကီလိုခန့် ဝိတ်ကျသွား၏။ အရင်က လုပ်ခဲ့ဖူးသော ဝိတ်ချနည်းလမ်းများထက် ပိုထိရောက်ပေ၏။ 

ဤအခြင်းအရာကို မြင်နေရသော အန်းနန်ထျန်းအဖို့ မျက်လုံးများကို အချွန်ဖြင့် ထိုးဖောက်နေသကဲ့သို့ ခံစားရ၏။ လျိုယွမ် မျက်ရည်များ ကုန်ခမ်းသွားသည်အထိ ငိုနေရခြင်း အကြောင်းရင်းကို တွေးလိုက်မိတိုင်း မျက်ရည်ကျလုနီးပါး ဖြစ်လာသော်လည်း သူ့ကိုယ်သူ ပြိုလဲခွင့်မပြုနိုင်သေး။ ဤမိသားစုအဖို့ မှီခိုရာ သူ တစ်ယောက်သာ ကျန်တော့သည်။

"အရမ်းကြီး ပူဆွေးမနေနဲ့ .. မင်းကို မင်း ဂရုစိုက်ပါဦး ..  လူသတ်သမားကို ဖမ်းမိမှာ သေချာပါတယ်"
ပဲနို့ခွက် နှင့် ပေါင်မုန့်အချို့ကို စားပွဲပေါ်တင်ရန် ညွှန်ကြားလိုက်ရင်း ထပ်ပြောလိုက်သည်။
"တစ်ခုခုလာစားပါဦး .. မင်းခန္ဓာကိုယ်ကို ထိခိုက်ခံလို့ မဖြစ်ဘူးလေ"

"လူသတ်သမား ဟုတ်လား .. လူသတ်သမားကို ဖမ်းမိတော့ရော ဘာလုပ်ရမှာလဲ .. ကျွန်မရဲ့ ဖျင်အာလေးကိုပဲ ပြန်လိုချင်တာလို့"
လျိုယွမ်က ပဲနို့ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။ ပဲနို့များက သစ်သားကြမ်းပြင်တစ်လျှောက် စီးသွားပေ၏။ အန်းနန်ထျန်း ပင့်သက်ရှိုက်လိုက်ပြီး အိမ်ထိန်းကို သန့်ရှင်းရေးလုပ်ရန် လက်ဝှေ့ယမ်းပြလိုက်၏။ ဆင်းဆင်းရဲရဲဘဝမှ တက်လာခဲ့သောကြောင့် လျိုယွမ်က ပစ္စည်းတစ်ခုခုကို ခွဲပစ်ဖို့ ဝေးစွ .. ကြမ်းပြင်ပေါ် ရေစီးကျသွားလျှင်ပင် ကြမ်းပြင်ပျက်စီးသွားမည်ကို စိုးရိမ်လှသူဖြစ်၏။ ယခုတော့ ဂရုမစိုက်နိုင်တော့ ..။

REVENGE || ကလဲ့စား || မြန်မာဘာသာပြန်Where stories live. Discover now