Chapter-21

120K 9.8K 2.8K
                                    

နိုက်ဖ်ဂိုဏ်းဟူသည် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသနှစ်ခုစလုံး၌ တရားမဝင်လက်နက်ရောင်းဝယ်ရေးလုပ်ငန်းအား အလျှို့ဝှက်ဆုံးလုပ်ဆောင်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်၏။ နိုက်ဖ်တွေဟာ ထင်ထင်ပေါ်ပေါ်နေကြသူများလည်းရှိသလို၊ လျှို့လျှို့ဝှက်ဝှက်နေကြသူများလည်းရှိသည်။ သူတို့၏ကိုယ်ယောင်ဖျောက်နိုင်မှု ၊ သရုပ်ဆောင်ကောင်းမွန်မှုတို့ကြောင့် တစ်ခါတရံ သူတို့အချင်းချင်းဆုံလျှင်ပင် မသိတတ်ကြပေ။

သူတို့ မည်သည့်နေရာရောက်နေသည်၊ မည်သည့်သရုပ်နှင့် လှုပ်ရှားနေသည်ဆိုသည်တို့အား နိုက်ဖ်ပင်မဂိုဏ်း၏ ဆက်သွယ်ရေးဌာနချုပ်မှလွဲ တစ်ခါတလေ ဂိုဏ်းချုပ်ပင်မသိနိုင်ပါချေ။ သူတို့ဟာ ဆက်သွယ်ရေးဌာနချုပ်မှဆက်သွယ်မှုများနှင့် အချင်းချင်းဆက်သွယ်လုပ်ဆောင်တတ်ကြပြီး ကျန်သည့်အချိန်များ၌မူ မသိသလိုသာနေတတ်ကြ၏။

သူတို့၏လုပ်ဆောင်မှုစနစ်များသည် အစိုးရဌာနများ၏ လျှို့ဝှက်အမှုထမ်းများနှင့်ပင်ဆင်တူနေကြသည်မို့ တစ်ခါတရံ ထိုအမှုထမ်းများနှင့်ပင် ပုခုံးဖက်ဘီယာသောက်ဖြစ်သည့် အခြေအနေမျိုးတွေရှိသေးသည်။ တစ်ခါတလေကျတော့ ဟန်ဆောင်သူဖုန်းစားနှစ်ယောက်အဖြစ် ဆုံဆည်းကြကာ လမ်းဘေးတွင်အတူအိပ်ဖြစ်ကြတာမျိုး၊ အမှိုက်ကောက်ရင်း ဆုံဖြစ်ကြတာမျိုး၊ ဟော်တယ်တစ်ခုတည်း၌ စားပွဲထိုးဝင်လုပ်ဖြစ်ကြတာမျိုး စသည်ဖြင့် မျိုးစုံရှိနိုင်သေး၏။

ထိုအခါ ကိုယ့်လူအချင်းချင်းလား၊ တစ်ဖက်လူလားဆိုသည်ကို သေချာအောင်ဆန်းစစ်ရပြီးနောက် ကိုယ့်လူမဟုတ်မှန်းသေချာသည့်အခါ အမြန်ဆုံးရှောင်ဖို့ကြိုးစားရသည်သာပင်။

သို့ပေသည့် နိုက်ဖ်များသည် ဒုစရိုက်လမ်းကြောင်း၌ ရှင်သန်နေကြသော်ငြား ဂိုဏ်း၏စည်းမျဉ်း၊ စည်းကမ်းများကိုတော့ လိုက်နာကြသူများဖြစ်ကြ၏။ နိုက်ဖ်တွေအနေနှင့် အပြစ်မဲ့သည့်လူများကို အနိုင်ကျင့်ခွင့်လုံးဝမရှိပါချေ။ ထိုသို့လုပ်မိပါက ဂိုဏ်းမှ ပြင်းထန်စွာအပြစ်ပေးခြင်းကိုခံရမည့်အပြင် ယင်းအပြစ်ပေးခြင်းဟာလည်း ပြင်းထန်လွန်းသည်မို့ အသက်ဆက်ရှင်လျှင်တောင်မှ ဒုက္ခိတ ဖြစ်သွားနိုင်ပေ၏။

I bet you love me. [Completed]Where stories live. Discover now