🧃THE END🍏

2.8K 107 18
                                    

( unicode)

အရက်ခိုးဝေနေသည့် အဆီတဝင်းဝင်း မျက်နှာများရဲ့ ရွံစရာအကြည့်တွေကို ရှောင်ရင်း သူမ ခုံရှည်၏ထိပ်တွင် ဝင်ထိုင်လိုက်သည်။ခါးကို လာဖက်သည့် လက်တစ်ဖက်ကို ဆွဲယူပြီး ပုခုံးပေါ်ပြောင်းတင်လိုက်သည်။

"ဘဲကြီးကလည်း .. အဲလ်ပဲက ယားတတ်ပါတယ်ဆ်ို"

"ဘဲကြီးလို့ပဲ ခေါ်နေတော့မှာလား အချစ်ကလေးရယ်"

"ဘဲကြီးပဲကို ဘဲကြီးပဲပေါ့။ ဘာလဲ ဘဲပေါက်စလေးလို့ ခေါ်ခံချင်လို့လား"

အများသတ်မှတ်ထားသည့် ချောမောသော သွင်ပြင်ရှိပြီး ချမ်းသာကြွယ်ဝသည့် အနှီယောက်ျားသည် သူမ အတွက်တော့ အမှိုက်ထုတ်သာ ဖြစ်သည်။ သူမ အလုပ်က အရက်အတူတူသောက်ပေးရုံပဲ ။ ဒီလို VVIPဝိုင်းတွေ ထိုင်ရရင် တစ်ညတည်းနှင့် ဆယ်ဂဏန်းက ပြေးမလွတ်။

အပြော၊အကြည့်၊အမူအရာများနှင့် အမျိုးမျိုး စော်ကားနိုင်ပေမဲ့ သူမရဲ့ အဆုံးစွန်ဆုံး လိုက်လျောနိုင်သည့်limitက ပုခုံးဖက်ခြင်း တစ်ခုတည်းသာ။ ထို့ထက် ပိုလာလျှင် ဝိုင်းမှချက်ချင်းထပြန်တတ်သည်။

ရမ္မက်ခိုးဝေနေသည့် သကောင့်များအတွက် သူမရဲ့ ရုပ်ရည် ၊ အရပ်အမောင်းနဲ့ခန္ဓာကိုယ်တင်မက တင်ပါးထိတိုင်အောင် ရှည်လျားပြောင်လက်နေသည့် ဆံနွယ်များက မက်မောစရာအတိမို့ သူမ စကားဆို အရေးပါအရာရောက်သည်။

အသက်လိမ်ထားရပါသော်လည်း နယ်ပယ်အစုံ ကျင်လည်နေရသူမို့ အခြားမိန်းကလေးများထက် စကားပြောပိုညက်ပြီး အကြံဥာဏ်ပါပေးနိုင်သည့် သူမနဲ့ တစ်ဝိုင်းတည်းထိုင်ကာ စိတ်လွတ်ကိုယ်လွတ် စကားပြောချင်ကြသည်။

တလွဲကံကောင်းနေသည်က ရယ်စရာပါပင်။
အလွှာအသီးသီးမှ တဏှာကောင်များသည် သူတို့၏မိဘမောင်ဘွား ဇနီးမယားများထက် ဘားရှိ သာမန်ကောင်မလေး တစ်ယောက်နဲ့ အချိန်ဖြုန်းရသည်က ပို၍ပျော်ရွှင်ရသည်ဟုပင် သတ်မှတ်ထားကြသည်အထိ သူမ၏ပြောဆိုဆက်ဆံပုံက ဆွဲဆောင်မှုအပြည့် ဖြစ်လို့နေခဲ့သည်။ လည်ချောင်းထဲ ပူဆင်းသွားသည့် ဝီစကီများက အမြင်အာရုံကို နှောင့်ယှက်နေပြီမို့ သူမ ထိုင်နေရာမှ ထရပ်လိုက်သည်။

• ပန်းသီး • Where stories live. Discover now