အပိုင်း(၁၅)

2.3K 190 7
                                    

Unicode

မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် မူးနောက်နောက်ခေါင်းအား ဖိကိုင်ကာ ခွန်ရှန်း အိပ်ရာမှ ထထိုင်လိုက်သည်။ ဘေးဘီဝဲယာအား လှည့်ကြည့်တော့ ရင်းနှီးနေသောသူ၏အခန်းမဟုတ်ချေ။

"ချက်"

တံခါးဖွင့်သံကြားလိုက်ရပြီး ဆန်ပြုတ်တစ်ပန်းကန်ကို ဗန်းပေါ်တင်ကာ အထဲဝင်လာသည့်ဦးအား မြင်လိုက်ရသည်။

"နိုးပြီလား ခွန်တာ"

ခွန်ရှန်း ခေါင်းညိတ်ပြလိုက်၏။ ဦးက အိပ်ရာဘေး စားပွဲထက်တွင် ဆန်ပြုတ်ပန်းကန်အား ချထားလိုက်သည်။

"ဦး ကျွန်တော့်ကို ရှင်းပြသင့်တယ်ထင်တယ်"

ဦးက အလုပ်စားပွဲရှေ့ရှိ လှိမ့်ဘီးထိုင်ခုံအား ဆွဲယူကာ သူ့ရှေ့ထိုင်လိုက်သည်။ ထို့နောက် သူ၏နှာခေါင်းလေးအား အသာဆွဲညှစ်လာ၏။

"သေချာပေါက် ရှင်းပြမှာပေါ့"

ခွန်ရှန်း နှုတ်ခမ်းစွန်းတို့တစ်တန်းတည်းဖြစ်သွားသည်ထိ ပြုံးလိုက်သောကြောင့် မျက်ဝန်းများ မှေးစင်းသွားသည်။ မကျေမနပ် အရိပ်အယောင်များ အနားတစ်ဝိုက်ပေါ်ထွက်လာလေသည်။

"ကျွန်တော်ကလေးမဟုတ်ဘူး ဦး...ကလေးလို လာမဆက်ဆံနဲ့နော်"

အပြုံးမပျက်ပြောနေသော်လည်း သတိပေးသည့်အရိပ်အယောင်များပါနေသောကြောင့် ဦးစေတန်နက်ရှိုင်း လက်ပိုက်ကာ ခွန်တာအား ငေးကြည့်နေလိုက်၏။

"ကျွန်တော့်မျက်နှာမှာ ဘာမှမရှိဘူး ဦး...အခုပြောတော့"

ဦးက မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်ပြောလာသည်။

"ဘာလို့မရှိရမှာလဲ...ရှိတယ်...အများကြီး"

ခွန်ရှန်း တစ်ခုခုပေနေသည်ထင်၍ မျက်နှာအား လက်ဖြင့် သုတ်ကာ ပြန်မေးလိုက်သည်။

"ဘာတွေလဲ"

"ချောမောမှုတွေ"

ခွန်ရှန်း ပြောစရာစကားမရှိတော့ဘဲ ဆွံ့အသွားရသည်။

"လုပ်ကြံသူတွေက ဦး လူတွေမလား"

ဦးက လက်ပိုက်ကာ သူ့မျက်ဝန်းအား စိုက်ကြည့်နေရင်း ခေါင်းညိတ်ပြလာသည်။

Alien's adorable doctorWhere stories live. Discover now