Part-7 Uni&Zawgyi

619 61 13
                                    

Because of Hydrangea

အပိုင်း၇

အန်ကယ်ကျော် ခေါ် ဦးကျော်ခိုင်တစ်ယောက် လက်ထဲမှအရက်ခွက်ကို နံရံတစ်ခုဆီသို့ အားပါပါပစ်လွှတ်လိုက်သည်။ အံများကိုကျိတ်ထားသည်ကြောင့် သူ၏ပါးဆောင်များ မာကျောနေပြီး မေးကျောများဟာလည်း ထောင်ထနေသည်။ ဦးကျော်ခိုင်၏ တပည့်များမှာ ဘာအသံမှမထွက်ရဲကြပါ။ ဆံပင်စလေးများပင် မလှုပ်မိအောင် ကျောက်ရုပ်ကြီးများသဖွယ် ရပ်နေကြရသည်။ သူတို့သူဌေး ဒေါသထွက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ ဦးကျော်ခိုင်ထံ တစ်ပတ်အတွင်းညတိုင်း ပါဆယ်တစ်ထုတ်ရောက်သည်။ ပါဆယ်ထဲတွင်  ကြက်သွေးရဲရဲများဖြင့်ရေးထားသော "လူ့ငနွား"ဆိုသည့် စာတန်းကြောင့်ဖြစ်သည်။ ထိုစာတန်းပါ ပါဆယ်သည်မည်သူမည်ဝါ လာပို့သည်ကို သူ၏တပည့်များက အမိမဖမ်းနိုင်လို့ ဦးကျော်ခိုင်ပိုလို့ပင် ဒေါသထွက်ရသည်။ ဒါတင်ပဲမဟုတ်။  ဦးကျော်ခိုင်ညဘက်လူမသိသူမသိ သွားကဲတတ်သောကလပ်တစ်ခုရှိသည်။ ထိုဆိုင်ဟာ လုံခြုံပြီးသူ့လိုနိုင်ငံရေးသမားများ၊ နာမည်ကြီးစီးပွားရေးသမားများ ကျိတ်ပုန်းခုတ်ရာနေရာဖြစ်သည်။ ထိုနေရာကို လွန်ခဲ့သည့်နှစ်ရက်က ဦးကျော်ခိုင်သွားခဲ့သည်။ အပြီးကဲပြီး ကားပါကင်သို့ တပည့်များဖြင့် ပြန်အလာတွင် ကားဒရိုက်ဘာသည် ကားဘေးတွင်လှဲကျနေသည်။ ကားမှန်မှာ ပင့်ကူအိမ်သဖွယ် ကြေမွနေသည်။ ကားဘီးလေးဘီးလုံးမှာလဲ ပြားချပ်လို့နေသည်။ ကားပေါ်တွင် ဆေးနီများဖြင့် "လူ့ငနွား"လို့ ရေးသွားကြသည်။

ကားဒရိုက်နိုးလာတော့ သူ့ကိုလူတစ်ယောက်က နောက်ကနေဒုတ်ဖြင့် ရိုက်လိုက်တာကြောင့် သူမေ့လဲသွားတာဖြစ်ကြောင်းရှင်းပြလာသည်။ ကားပါကင်CCTVများကိုကြည့်ရာ လူလေးယောက်အမဲရောင်ဆင်တူဝတ်ပြီး မျက်နာဖုံးများတပ်ထားကြသည်။ လက်ထဲက ဒုတ်များဖြင့် ဦးကျော်ခိုင်ကားကို စိတ်ကြိုက်သမသွားပြီး၊ ဘီးများကိုလည်း ဖောက်သွားကြသည်။ ထူးဆန်းသည်က ထိုလူများကို ဘယ်သူမှမမြင်လိုက်ကြပါ။ မတွေ့လိုက်ကြပါ။ ဦးကျော်ခိုင် ရဲဖြင့်လည်းမတိုင်ဖြစ်ပါ။ အဘယ့်ကြောင့်ဆိုသော် ရဲတိုင်လိုက်လျင် မိမိအကြောင်းကိုလူတကာပိုသိသွားမှာ စိုးလို့ဖြစ်သည်။ သူ့လူများဖြင့်သာ ကျိတ်ကာစုံစမ်းနေရသည်။

Because of Hydrangea(BL)Where stories live. Discover now