Part-39🌸

1.4K 136 16
                                    

Unicode;;;;

ကိုပိုင်တို့ကတော့ ကျနော့ကို ဒီနေ့တစ်ရက်စောစောနားဆိုပြီး အိမ်ပြန်လွှတ်လေသည်။ မကျော့ကလည်း အတန်းတွေ သူ၀င်ပေးမှာမို့ စိတ်မပူရန်ပြောသည်။

သနားတဲ့မျက်လုံးတွေနဲ့ ကြည့်သူကကြည့်နေကြသည်။
ကျနော့အဖြစ်သည် အသနားခံဘ၀ကိုရောက်နေလေပြီ။ ကျနော့ပုံစံက သနားဖို့ ကောင်းနေခဲ့လို့လား ဆိုပြီးလည်း တွေးမိသေးသည်။

တချို့ကြပြန်တော့ ရွံသလိုကြည့်နေပြန်၏။ အဲ့ခါကျတော့ရော ကျနော်ကရွံဖို့ကောင်းနေပြန်ပြီလား။ သိပ်ခက်ပါဘိ။

နားလည်နိုင်ပြီး သာမာန်မျက်၀န်းနဲ့ကြည့်နေသူကို မတွေ့ရပါလေ။

အိမ်မပြန်ချင်တာနဲ့တံတားဖက်ကို ခြေဦးလှည့် လျှောက်သွားလိုက်သည်။ ထိုနေရာလေးက သာယာပြီးတိတ်ဆိတ်လွန်းသည်။ အတွေးတွေကို ပေါ့ပေါ့ပါးပါး ဖြန့်ကျက်ရန် နေရာကောင်းလေးတစ်ခုဖြစ်သည်။ စိုင်းနှင့်လည်း အမှတ်တရ ထိန်ချန်ခဲ့ဖူးသည့်နေရာလေးပင်။

"ဟူး......."

ရင်ဘတ်ကြီး ပေါ့ပါးသွားစေဖို့ လေပူတွေကို ဆက်တိုက်မှုတ်ထုတ်နေမိသည်။ သို့ပေမဲ့လည်း ထူးမလာခဲ့။ စိုင်းတစ်ယောက်ရော အဆင်ပြေရဲ့လား။ သူ့ကိုဆို ပိုလို့တောင် လက်ညိုးထိုးနေကြမည်မလွှဲ။

*စိုင်းရယ်....*

လေးပင်နေသော ရင်အစုံမှ လေးပင်စွာ တမ်းတလိုက်မိသည့် အမည်နာမလေးတစ်ခု။

အံ့ရှိန်ကို စိန်ခေါ်လိုက်သည့်ပွဲတွင် စိုင်းတစ်ယောက် မြေစာပင်ဘ၀သို့ ရောက်ရလေ၏။

တစ်ရွာလုံးနှင့်တစ်ယောက်မဟုတ်ဘဲ စိုင်း၏ အသိုင်းအဝိုင်းပါ လူအများပြောစရာဖြစ်သွားမည်ကို ကြီးစွာစိုးရိမ်မိသည်။

အိမ်ပြန်တဲ့အချိန် စိုင်းအိမ်ဖက်ကနေ ပြန်ပြီး အကဲခတ်ကြည့်ဖို့လည်း စိတ်အစုံက ဖိအားပေးနေလေသည်။
စိုင်းကို တွေ့ချင်မိသော စိတ်၏ ဆွဲခေါ်မှုကြောင့် စိုင်းအိမ်ဖက်သို့ ခပ်သွက်သွက်လျှောက်လာမိသည်။ အများကြီး မမျှော်လင့်ဝံ့။ စိုင်းတစ်ယောက် အဆင်ပြေပြေဖြစ်ရန်သာ ဆုတောင်းမိသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now