ကွဲအောင် ခွဲခြား ရွတ်စေချင်

588 54 4
                                    

Unicode

မြန်မာအက္ခရာတွေထဲက ပထမအက္ခရာငါးလုံးဖြစ်တဲ့ က၊ စ၊ ဋ၊ တ၊ ပ တို့ဟာ သိထိလအက္ခရာတွေဖြစ်ပါတယ်။  ဒုတိယအက္ခရာ ငါးလုံးဖြစ်တဲ့ ခ၊ ဆ၊ ဌ၊ ထ၊ ဖ တို့ကတော့ ဓနိတအက္ခရာတွေဖြစ်ပါတယ်။ သိထိလအက္ခရာကို သံလျော့အက္ခရာလို့ခေါ်ပြီး ဓနိတအက္ခရာကိုတော့ သံတင်းအက္ခရာရယ်လို့ ခေါ်ပါတယ်။ ပထမအက္ခရာ ငါးလုံးရဲ့အသံတွေထဲကို " ဟ " အက္ခရာအသံ ပေါင်းထည့်ပြီး ဒုတိယအက္ခရာ ငါးလုံးရဲ့  အသံတွေ ရရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအက္ခရာတွေထဲမှာ "ဟ"အသံ တိတ်တဆိတ်ပါဝင်နေတယ်လို့ ဆိုနိုင်ပါတယ်။

ပုံစံကတော့
က + ဟ  = ခ
စ + ဟ = ဆ
ဋ + ဟ = ဌ
တ + ဟ = ထ
ပ + ဟ = ဖ
ဖြစ်ပါတယ်။

"ဟ" အက္ခရာကို အသံထွက် ရွတ်ဆိုတဲ့အခါမှာ လေထွက်အောင် ရွတ်ဆိုမှသာ "ဟ" အသံဟာ ပီသမှန်ကန်ပါတယ်။ အဲဒါကြောင့် ခ၊ ဆ၊ ဌ၊ ထ၊ ဖ တို့ကို ရွတ်ဆိုရင် အသံတင်းတင်းနဲ့ လေထွက်အောင် သတိထားပြီး ရွတ်ဆိုကြရမှာဖြစ်ပါတယ်။ က၊ စ၊ ဋ၊ တ၊ ပ တို့ကို ရွတ်ဆိုရင် အသံခပ်လျော့လျော့နဲ့ လေမထွက်အောင် သတိထားပြီး ရွတ်ဆိုကြရမှာပါ။
ကနဲ့ ခ၊ တနဲ့ ထ၊ ပနဲ့ ဖ စတဲ့ အက္ခရာတွေကို လူတိုင်းကွဲပြားအောင် ရွတ်ဆိုနိုင်ကြပေမဲ့ စနဲ့ ဆ ကိုတော့ လူအများစု ကွဲပြားအောင် မရွတ်ဆိုနိုင်ကြပါဘူး။ ဒါကြောင့်မလို့လဲ ‌တောင်းဆိုတယ်လို့ ပြောတာကို တောင်းစိုရင် နေလှန်းဆိုပြီး ပြက်လုံးထုတ် ဟာသလုပ်လာကြတာပါ။

စလုံးနဲ့ ဆလိမ်သံ ကွဲစေဖို့ လေ့ကျင့်နည်းများ

လေထွက်အောင် လေ့ကျင့်နည်း

"ဆ" သံပီဖို့ ရွတ်တဲ့ အခါမှာ လေထွက်အောင် ရွတ်ဖို့လိုပါတယ်။
ပါးစပ်ရှေ့မှာ တစ်ရှူးစက္ကူလိုမျိုး စက္ကူ ပါးပါးသေးသေးလေး ထောင်ပြီး ရွတ်ကြည့်ပါ။ စလုံးကို ရွတ်ရင် လေမထွက်ပါစေနဲ့။ ဆလိမ်ကို ရွတ်ရင် လေထွက်အောင် ရွတ်ဆိုပါ။ လေထွက်အောင် ရွတ်လိုက်ရင် တစ်ရှူးစက္ကူလေး လှုပ်သွားတာကို တွေ့ရပါလိမ့်မယ်။ လေထွက်အောင် ရွတ်တဲ့အသံနဲ့ လေမထွက်အောင် ရွတ်တဲ့အသံ၊ တစ်ရှူးစက္ကူလှုပ်တဲ့အသံနဲ့ တစ်ရှူးစက္ကူ မလှုပ်တဲ့အသံ တစ်ခုနဲ့တစ်ခု မတူကြဘူးဆိုတာ သေသေချာချာ သတိထားကြည့်ရင် သိပါလိမ့်မယ်။ ဒါကတော့ အမေရိကန်ပြည်ထောင်စု အီလီနွိုင်း တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာကြီး ဦးစောထွန်းက အကြံဉာဏ်ပေးတဲ့ ပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ဟသံပါအောင် လေ့ကျင့်နည်း

ဆလိမ်သံဟာ စလုံးသံနဲ့ "ဟ"သံ ပေါင်းစပ်ထားတာမလို့ စဟလို့ အကြိမ်များများနဲ့ မြန်မြန် ရွတ်ဆိုကြမယ်ဆိုရင်လဲ စသံနဲ့ ဆသံ ကွဲပြားလာစေပါတယ်။

မြန်မာသဒ္ဒဗေဒ ဖတ်စာပါ ဆရာကြီးဦးမောင်တင်ရဲ့နည်းလမ်း
https://www.facebook.com/607094336049994/posts/4462926007133455/

စလုံးနဲ့ ဆလိမ်သံကို ကွဲပြားအောင် ရွတ်တတ်ပြီလားဆိုတာ ဒီကဗျာလေးနဲ့ စမ်းသပ်ကြည့်ကြရအောင်ပါ။

" စလုံး စလုံး ဖိုးစလုံး
စောစောစီးစီး စာဆိုတုန်း။
စာဆိုတုန်းမှာ ဗိုက်ကဆာ
ဆီဆမ်း စားဖို့ ထမင်းရှာ။
အောက်ဆင့်မှာလား
စင်ပေါ်လား။
ဆ ဆာ ဆာ့ ဆား။
စ စာ စာ့ စား။ "

- တက္ကသိုလ်မြတ်စိုး

ကိုးကား -
အလင်္ကာပုလဲပန်း အစီအစဉ်
ပါမောက္ခ ဒေါက်တာခင်အေး အင်တာဗျူးဖြေဆိုချက်များ
လူမှုကွန်ယက်က ဆရာအပေါင်းရဲ့ စာတိုပေစ နည်းလမ်းများ

Zawgyiသမားမ်ားေနာက္ဆုံး Chapterမှ မွစၾကည့္ေပးပါ။

ဖတ်မှတ်လေ့လာ မြန်မာစာWhere stories live. Discover now